သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA ၏ စီးပွားရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
“ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/ SSA ဒု-အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ် ဖွင့်ပေးတယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက်တယ်၊ ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်းပြောကြားတယ်၊ အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်” ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သောဒေသခံ လုံးစိုင်းပီးက ပြောသည်။
ဖွင့်ပွဲ တက်ရောက်ကြသည့် ဒေသခံပြည်သူလူထုအား နေ့လည်စာ တည်ခင်းကျွေးမွေးခဲ့ကြကြောင်း၊ နေ့လည် စာအတွက် ပေါက်တိုက်မ ရပ်ကွက်သူ ရပ်ကွက်သားများက ချက်ပြုတ်ကူညီပေးခဲ့ကြောင်း ၄င်းကဆိုသည်။
အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်မှူးကြီး စိုင်းထူးက “ကျနော်တို့ SSPP/ SSA သာမက ဗမာပြည်မှာရှိတဲ့ လူမျိုးစုအားလုံး သည်ငြိမ်းချမ်းရေးလုပ်လာကြပြီ၊ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရနှင့်တကွ သမ္မတကြီးကို ကျနော်တို့ လေးစား ဂုဏ်ပြုပါတယ်၊ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်အတွက် အရေး ၃ ပါးဆိုတဲ့ ပြည်ထောင် စုမပြိုကွဲ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တ့ံခိုင်မြဲရေးဆိုတာကိုလဲ လက်ခံကြိုဆိုပါတယ်” ဟု ပြောဆိုသည်။
ပြည်ထောင်စုမပြိုကွဲရေး ဆိုရာတွင် စစ်မှန်သည့်ပြည်ထောင်စုကို လိုလားကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ဟူရာတွင်လည်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း၊ အချုပ်အချာအာဏာ တည်တ့ံခိုင်မြဲရေးအတွက်မူ ဒီမိုကရေစီနှင့် human rights လူ့အခွင့်အရေးကို လိုလားကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါ အရေးသုံးပါးကို လေးစား၊ ယုံကြည်ပါကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် “နောက်ပြီးတော့ နဂိုကတည်းက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ ကျနော်တို့ပြည်ထောင်စုကြီးကို အရင်းခံပြီးတော့ (၁) ပင်လုံစိတ်ဓါတ်နှင့် ပြည်ထောင်စု စိတ်ဓါတ်ကို နိုင်ငံသားအားလုံး တိုင်းရင်းသားပြည် ထောင်စုသားအားလုံး သဘောပေါက်ဖို့ လိုလားပါတယ် (၂) ပင်လုံကို အသိိအမှတ်ပြုခြင်းဖြင့် ပြည်ထောင်စုကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ် (၃) ပင်လုံစိတ်ဓါတ် ဆိုတာ ပြည်ထောင်စု နိုင်ငံထူထောင်ကာ အတူတကွ နေထိုင် ရန်လိုလားသောစိတ်ဓါတ်နှင့် တိုင်းရင်းသား လူမျိုးစုများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန် အလှန် လေးစားစေသောစိတ်ဓါတ် တိုင်းရင်းသား လူမျိုးအချင်းချင်း တန်းတူရေးကို အခြေခံသော စိတ်ဓါတ်များကို ဆိုလို တာဖြစ်ပါတယ်” ဟုစီးပွားရေးရုံး ဖွင့်ပွဲ မိန့်ခွန်း၌ စဝ်စိုင်းထူးက ပြောသည်။
SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့တွင်ဖွင့်လှစ်ပြီးနောက် မူစယ်မြို့တွင်လဲ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရ သည်။