ရခိုင်အမျိုးသားနေ့သတ်မှတ်ရေး ကြိုးပမ်းမူ(ယာယီ) ကော်မတီ ဖွဲ့စည်း

ရခိုင်အမျိုးသားနေ့သတ်မှတ်ရေး ကြိုးပမ်းမူ(ယာယီ) ကော်မတီ ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်တမျိုးသားလုံးနှင့်ဆိုင်သည့် ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရန် အတွက် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ) ကို ယမန်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ)ကို စစ်တွေမြို့ ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ (ဗဟိုဌာနချုပ်) တွင်  ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။

ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က နိရဥ္စရာသို့  ယခုလို ပြောသည်။

“တခြားတိုင်းရင်းသားပေါင်းစုံတွေမှာလဲ အမျိုးသားနေ့ဆိုတာ ရှိကြတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာလည်း အမျိုးသားနေ့ဆိုတာ ရှိကြတယ်။ ကျွန်တော်တို့ ရခိုင် လူမျိုးဆိုတာလည်း ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေထိုင်လာခဲ့ကြ တဲ့ လူမျိုး တစ်မျိုး ဖြစ်တဲ့ အတွက် အမျိုးသားနေ့ ဆိုတာက  ရှိကို ရှိရမယ်။ ဒီလို ရည်ရွယ်ချက်နဲ့ သမိုင်းပညာရှင်၊ တခြား ပညာရှင်တွေ အားလုံးအပါအဝင် ရခိုင်တမျိုးသားလုံးကို စုစည်းပြီး အမျိုးသားနေ့ သတ်မှတ်နိုင်ရေး အတွက် စတင်  အကောင် အထည်ဖေါ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းကြတာ ဖြစ်ပါတယ်။”

ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရေး အတွက် ပြုလုပ်သော အစည်းအဝေးသို့ စစ်တွေမြို့မှ သမိုင်း ပညာရှင်များ၊ တတ်သိပညာရှင်များ၊ ဥပဒေပညာရှင်များ၊ ၀န်ကြီးများ၊ ပါတီ ဗဟိုကော်မီတီဝင်များနှင့် တခြား စိတ်ပါ၀င်စားသူ လူပုဂ္ဂိုလ် (၅၀) ခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲမှ  ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ) တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မီတီ အဖွဲ့ဝင်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ဦးအောင်လှသိန်း၊ ဦးအောင်ချစ်၊ ဦးမောင် ဗသိန်း၊ ဦးညိုသန့်၊ ဦးဖိုးကျော်သန်း၊ ဦးစောမောင်၊ ဒေါက်တာတင်အောင်၊ ဦးသာပွင့်၊ ဂေါရာမြေစောဝင်း၊  ဗဂျီး ကျော်၊ ဦးဝေစိန်အောင်၊ ဦးကျော်ရွှေမောင်၊ ဦးကျော်ဆန်း၊ ဒေါ်အေးနုစိန်နှင့် ဦးအောင်မြကျော်တို့ ဖြစ်သည်။

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ)အနေဖြင့် လုပ်ဆောင်သွားမည့် အစီအစဉ်များကို လည်း ဦးအောင်မြကျော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံး၊ နောက်ပြီးတော့ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ရှိကြတဲ့ ရခိုင် လူမျိုး တွေ၊ နိုင်ငံတကာမှာရောက်ရှိနေကြတဲ့ ရခိုင်ပညာရှင်တွေ၊ တတ်သိပညာရှင်တွေ အားလုံး ပါ၀င်ပြီးတော့ တမျိုး သားလုံးက လက်ခံနိုင်တဲ့ အမျိုးသား နေ့တစ်နေ့ဖြစ်ပေါ်လာအောင် အတွက် ကျွန်တော်တို့ အကြံ အဉာဏ် ပေးတာတွေကို လက်ခံယူပြီးတော့ တုန့်ပြန်မှုတွေ၊ ဆွေးနွေးပွဲတွေ အများကြီး လုပ်ပြီးတော့ ရွှေးချယ် သတ်မှတ်မှာ ဖြစ်ပါတယ်။ သတ်မှတ်တဲ့ အခါမှာလည်း  ရခိုင်အမျိုးသားနေ့ ဖြစ် မြောက်ရေး ညီလာခံ တစ်ခုခေါ်ယူပြီး နောက်ဆုံး အတည်ပြု လုပ်ဆောင်သွားမယ့် အစီအစဉ် ချထားပါတယ်” ဟု ဆိုသည်။

ယခုဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ)ကို  သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ စာရေးဆရာများပါ၀င်သည် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း  နောက်ထပ်လည်း ကော်မီတီကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

ရဟန်းသံဃာများထဲမှ ၂ ဦး၊ ရှေ့နေများထဲမှ ၂ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှ ၂ ဦး၊ စာရေးဆရာများမှ ၂ ဦး၊ ရဟန်းပျိုများမှ ၂ ဦးနှင့် တခြား အဖွဲ့အစည်း ပေါင်းစုံမှ တစ်ဦးကျစီ စည်းရုံးပြီး တိုးချဲ့ ဖွဲ့စည်းသွားမည်ဟုလည်း ဦးအောင်မြကျော်က ပြောသည်။

နေ့တစ်နေ့ကို ရခိုင်အမျိုးသားနေ့  ရွေးချယ် သတ်မှတ်နိုင်ရေးအတွက် ရွေးချယ်သတ်မှတ်ရေး ကော်မီတီ (ယာယီ) ဖွဲ့စည်းပြီးနောက် နောက် ၆ လ အတွင်းတွင် ရခိုင်တမျိုးသားလုံးပါ၀င်သော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ညီလာခံကြီးကို ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week