ဘုရားသုံးဆူမြို့ ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ယခင်နှစ် များထက် ပိုစည်ကား

ဘုရားသုံးဆူမြို့ ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ယခင်နှစ် များထက် ပိုစည်ကား
by -
ကေအိုင်စီ

၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ နှစ်စဉ်ကျင်းပမြဲ တိုင်တရာ ကျောင်းတိုက်ဝင်းအတွင်း ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြရာ ယခင်နှစ်များထက် ပို၍ လွတ်လပ်စည်ကားစွာ ကျင်းပခဲ့သည်။

“အရင်နှစ်တွေက လုပ်ရတာ အခက်အခဲသိပ်မရှိပေမယ့် ဒီနှစ်ဘုရားသုံးဆူမှာလုပ်တဲ့ မွန်အမျိုးသားနေ့ကို ကျင်းပရတာ ထူးထူး ကဲကဲနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်၊ အားလုံးကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါတယ်” ဟု မွန်အမျိုးသားနေ့ကျင်းပ ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး နိုင်ထွေးရှိန်က ပြောသည်။

ထိုအခမ်းအနား ကျင်းပနိုင်ရေးအတွက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဖွဲ့စည်းကာ ဥက္ကဌ နိုင်ဘဇံ၊ ဒုဥက္ကဌ နိုင်တင်လှ နှင့် တိုင်တစ်ရာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မွန်အမျိုးသားနေ့ကို နှစ်စဉ် ကျင်းပလာခဲ့ကြပြီး မွန်အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ နိုင်ထွေးရှိန်က ယခုလို ပြောသည်။

“မွန်အမျိုးသားနေ့ကို ကျင်းပရမှာကတော့ မွန်အမျိုးသားတိုင်းရဲ့သမိုင်းပေးတာဝန်ပါ၊ အဲဒီတာဝန်ကို လက်ဆင့်ကမ်း ထိန်းသိမ်း တဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပရတာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့တွင် ကျင်းပသော မွန်အမျိုးသားနေ့ အခမ်းအနားကို အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ အပါအဝင် ကရင်အမျိုးသား အစည်းအရုံး-KNU ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီ NMSP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်တိုင်းရင်းသားများ အပါအဝင် လူဦးရေတစ်ထောင်ကျော် တက်ရောက်ဆင်နွှဲခဲ့ကြသည်။

၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဘုရားသုံးဆူမြို့တွင်သာမက မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးတို့ နေထိုင်ရာ မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း ကျင်းပခဲ့ကြသည်။

မွန်တိုင်းရင်းသား အစည်းအရုံး၏ ဦးဆောင်မှုဖြင့် ၁၉၄၆ ခုနှစ်အကုန်တွင် ကျင်းပသော မွန်တိုင်းရင်းသား ညီလာခံတွင် ဟံသာဝတီ (ပဲခူး) စတင်တည်ထောင်သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသား နေ့အဖြစ် အသိအမှတ်ပြုပြီးနောက် ယနေ့ ထိတိုင် နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။