ဟံသာဝတီ ယာဉ်ရပ်နားစခန်းအပေါ် မီခိုနေသူ ၅,၀၀၀ ခန့်အား ပြောင်းရွှေ့မိန့်ထုတ်

ဟံသာဝတီ ယာဉ်ရပ်နားစခန်းအပေါ် မီခိုနေသူ ၅,၀၀၀ ခန့်အား ပြောင်းရွှေ့မိန့်ထုတ်
by -
မဇ္ဈိမ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို ့နယ်ရှိ ဟံသာဝတီ ယာဉ်ရပ်နား စခန်းတွင် အရောင်းအဝယ် ပြုလုပ်နေသော ယာဉ်များ၊ ယာဉ်လုပ်သားများနှင့် ထိုဝင်းအား မှီခို လုပ်ကိုင် စားသောက်နေသူ ၅,၀၀၀ ခန့်အား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အပြီး ပြောင်းရွှေ့ရန် စည်ပင်က အမိန့်ထုတ်ထားကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း က ပြောသည်။

Hanthawaddy-Car2

“ကျနော်တို့ကို အရင်က မြို ့တော်ဝန် ပေးခဲ့တဲ့ ကတိစကားတွေ ရှိတယ်။ အခု အဲဒီ ကတိစကားတွေကို ပယ်ဖျက်ပြီး မြို ့တော် စည်ပင်က အတင်းအကျပ် နေရာ ဖယ်ခိုင်းနေတယ်။ ဒါကြောင့် မြို ့တော် စည်ပင်ဟာ နောက်ပြန်လှည့်နေတဲ့ ဌာနတခုအဖြစ် ကျနော်တို့ မြင်လာတယ်” ဟု ဆိုသည်။

၎င်းတို့အတွက် နေရာသစ်အား သီရိမင်္ဂလာ စျေးဟောင်းတွင် အာဏာပိုင်များက သတ်မှတ်ခဲ့ပြီး ထိုနေရာမှာ လက်ရှိ ကားဝင်း၏ သုံးပုံတပုံခန့်သာ ကျယ်ဝန်းသည်ဟု ဆိုသည်။

လက်ရှိစခန်းတွင် ကွမ်းယာဆိုင် ဖွင့်ထားသော အမျိူးသမီး တဦးက ကားရေဆေးသူများ၊ ထမင်းဆိုင်များ၊ ခြေသည်းလက်သည်း လိုက်ညှပ်သူများ၊ ကွမ်းယာဆိုင်များ စသည့် လုပ်ငန်းများ လုပ်ကိုင်စားသောက် ရန်အတွက် နေရာအခက်အခဲများ ရှိကြောင်း ဆိုသည်။

“ကျမတို့ ဒီမှာ လုပ်ကိုင်စားသောက်နေတာ ဒီဝင်း ဆောက်ကတည်းကပါ။ အခွန်လည်း ပုံမှန် ဆောင်ပါတယ်။ ဒီဝင်းကြီးကို ရွှေ့လိိုက်ရင် ကျမတို့ စားဝတ်နေရေး ခက်ခဲလာနိုင်ပါတယ်။ တကယ်လို့ ပြောင်းမယ်ဆိုလည်း ကျမတို့ပါ လုပ်ကိုင်စားသောက်လို့ ရတဲ့အနေအထား ရှိတဲ့ ကားဝင်းကိုပဲ ပြောင်းစေချင်တယ်” ဟု ဆိုသည်။

ယင်း ယာဉ်ရပ်နားစခန်းအား Crown Advanced Engineering Co, Ltd မှ တာဝန်ယူ၍ ရန်ကုန် ကားပလာဇာ အဖြစ် တည်ဆောက်ကာ ရလာသည့် အကျိူးအမြတ်အား မြို ့တော် စည်ပင်သာယာရေး ကော်မတီမှှ ၅၅ ရာခိုင်နှုန်း ခံစားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ အကြီးအကဲတဦးက ဆိုသည်။

“စည်ပင်က ၅၅ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီက ၄၅ ရာခိုင်နှုန်း အကျိူးခံစားခွင့် ရှိတယ်ဆိုတာ မှန်ပါတယ်။ ၃ နှစ် စီမံကိန်းနဲ့ လုပ်သွားမှာပါ” ဟု မဇ္စျိမကို ပြောသည်။

ဟံသာဝတီ ယာဉ်ရပ်နားဝင်း အကျယ်မှာ ၈ ဒဿမ ၅၉၉ ဧက ရှိပြီး ထိုမြေအားလုံးကို စီမံကိန်းမြေ အဖြစ် သတ်မှတ်၍ အဆောက်အဦများ၊ အိမ်ယာစီမံကိန်းများ၊ Car Show Room များ ထည့်သွင်း ဆောက်လုပ် မည်ကို စီမံကိန်း ယာယီ ဒီဇိုင်းအရ သိရသည်။

ကားပွဲစားများ၊ ကားအလုပ်သမားများနှင့် ထိုဝင်းအား မှီခိုလုပ်ကိုင် စားသောက်နေကြသူ လူ ၂,၀၀၀ ကျော်က ကားပွဲစားတန်း မပြောင်းရွှေ့ရေးအတွက် မြို့တော်ခန်းမ ရှေ့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ရှင်စောပု လမ်းမကြီး၌ လူဦးရေ သုံးထောင်ခန့်က ရဲဌာန၏ ခွင့်ပြုမိန့်ဖြင့် ထိုကားဝင်း မပြောင်းရွှေ့ရေးအတွက် တနာရီကျော်ကြာ ဆန္ဒပြခဲ့ကြသေးသည်။