နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်သည့် တောင်အာဖရိက နိုင်ငံမှ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
နေပြည်တော်တွင် လွှတ်တော်တက်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဘုန်းတော်ကြီးကို တွေ့ဆုံရန်အတွက် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လာရောက်ခဲ့ရသည်။
“သူ(ဒေါ်စု)ဟာ လှပပါတယ်။ ပြီးတော့ ကျနော် ဒီကိုလာရတာ ပျော်ရွှင် ဝမ်းမြောက်မိပါတယ်။ ... ဒီ အပြောင်း အလဲ လှုပ်ရှားမှုကို ခင်ဗျားတို့ အားပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ လွတ်လပ်မှုဆီ ဦးတည်တဲ့ ဘယ်လို ပြောင်းလဲမှှု မျိုးကို မဆို အားပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၄၅ မိနစ်ခန့်ကြာတွေ့ဆုံကြပြီးနောက် ဘုန်းတော်ကြီးက ပြံုးရွှင်စွာ ပြောကြားလိုက်သည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်အား အားပေးလေးစားသူ တဦးဖြစ်ကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။
“မြန်မာနိုင်ငံ အမှန်တကယ် လွတ်လပ်မယ့် အချိန်ကို ကျနော်တို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ကမ္ဘာက သူ့ကို ဘယ်လောက် လေးစား ချီးကျူးနေကြသလဲဆိုတာကို မြင်နိုင်ပါတယ်။ သူဟာ တကယ့်ကို ကျော်ကြားတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်” ဟု ဘုန်းတော်ကြီးက သတင်းထောက်များကို ပြောသည်။
“ဒီနိုင်ငံမှာ အလွန်ကြီးမားတဲ့ အလားအလာတွေ ရှိနေတဲ့အတွက် ကျနော်တို့ အနေနဲ့ အဲဒီ့အလားအလာတွေ တကယ် အပြည့်အဝ ဖြစ်မြောက်လာတာကို မြင်ချင်ပါတယ်။ လူမျိုးစု ပဋိပက္ခတွေ၊ ကွဲပြားတဲ့ ယုံကြည်မှု ရှိသူတွေကြားမှာဖြစ်တတ်တဲ့ ပြဿနာတွေကို မမြင်ချင်ပါဘူး” ဟု ဒက်စမွန်တူးတူး က ဆိုသည်။
ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးမှာ လူမျိုးရေးခွဲခြားမှှု တိုက်ဖျက်ရေးတွင် တက်ကြွစွာ ဦးဆောင်လှုပ်ရှား ခဲ့သည့် အတွက် ၁၉၈၄ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်ကြီး တူးတူးမှာ မြန်မာနိုင်ငံသို့ တနလာင်္နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အင်္ဂါနေ့ မနက်ပိုင်းတွင် အတိုက်အခံ များနှင့် တွေ့ဆုံခဲ့သည်။
၎င်းမှာ မတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သဘောင်္ဖြင့် မထွက်ခွာမီ ပုဂံရှိ ရှေးဟောင်း ဘုရားစေတီ များနှင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်တို့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်ဟု မြန်မာ အစိုးရ အရာရှိ တဦးက ဆိုသည်။
ဗုဒ္ဓဟူးနေ့၌ ရန်ကုန်မြို့၊ အမေရိကန် စင်တာတွင် ဘုန်းတော်ကြီး တူးတူး မိန့်ခွန်း ပြောကြားမည်ဟုလည်း အမေရိကန် သံရုံး အရာရှိ တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ အချိန်ဖြစ်သည့် ၁၉၉၃ ခုနှစ်တွင် ဒတ်စမွန်တူးတူး အပါအဝင် ထင်ရှားသည့် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်များအား မြန်မာနိုင်ငံက နိုင်ငံအတွင်း သို့ဝင်ရောက် ခွင့်ပြုရန် စစ်အစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ထိုနိုဘယ်ဆုရှင်များက ထိုနှစ် ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများသို့သာ သွားရောက်လည်ပတ်ခဲ့ရသည်။