ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ အယောက်သုံးဆယ်ထက်မနည်း သေဆုံးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
“တိုက်ပွဲက ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။ ၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရတဲ့လူတွေနဲ့ အလောင်းတွေကို ပြန်ကောက်ကြတယ်လေ။ ဗမာတပ်ဘက်က အယောက်သုံး ဆယ်ထက်မနည်းသေတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ်ခေါင်း ဆောင်တဦးက ပြောသည်။
မြန်မာစစ်တပ်မှ ၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ ပစ်သော ၆၀ မမ လက်နက်ကြီး မပေါက်ကွဲဘဲ ရှိနေရာ၊ ညပိုင်း ရွာသားများ တောင်ယာမီးရှို့ စဉ်အဆိုပါကျည် မီးလောင်ပေါက်ကွဲသဖြင့် ထိုည၌ မြန်မာစစ်တပ် ဘက်မှ တဘက်တည်း တညလုံးဒရစပ် ပစ်ခတ်နေကြောင်း ရွာသားများပြောပြချက် အရသိရသည်။
သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန်ကြားလာသည့်အပေါ် သျှမ်းပြည်တပ်မတော် ဘက်က ငြင်းဆန်ခဲ့ ပြီးနောက်ပိုင်း အစိုးရတပ်အင်အားများ ဖြည့်တင်း လှုပ်ရှားလာကြောင်း၊ လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ရ ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဝင် ၂၈ ယောက်သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ဌာနချုပ် အရာရှိ တဦးကပြောဆိုသည်။
“ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄ ယောက်ရတယ်လို့ပြောတယ်။ ဒီလိုဖြစ်တဲ့ကိစ္စက ကျနော်တို့က ခံစစ်လေ။ အပေါ်က အမိန့်ကို မလွန်ဆန် နိုင်ဘဲ ဟိုဘက်က ရဲ ဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။ အဲတော့ပစ်ချခံရတာပေါ့။ ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်၊ ကျနော်တို့အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ”- ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောသည်။
သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။
တိုက်ပွဲရပ်တန့်ရန် နေပြည်တော်အစိုးရ သမ္မတဦးသိန်းစိန် ညွှန်ကြားထားသော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရ၏ ခြေလျင်တပ်ရင်း ခမရ ၃၂၂၊ ၃၁၅၊ ၅၇၇၊ ၅၇၄၊ ၅၂၅၊ ၅၇၅ နှင့် ခြေလျင်တပ်ရင်း ခလရ ၃၃၊ ၁၃၁၊ ၂၉၅ တို့မှ အင်အားတထောင်ခန့်က တပ်ပြန်ရုပ်သိမ်းခြင်း မရှိသောကြောင့် တန့်ယန်းမြို့နယ် နှင့် မိုင်းရှူးမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း သိရသည်။