သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။
“ဝန်ကြီး ဦးအောင်မင်းပြောတာက တဖွဲ့ချင်းအနေနဲ့လည်း တွေ့သွားမယ်။ ဒေသဆိုင်အဖွဲ့တွေနဲ့ တွေ့သွားမယ်။ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ အဖွဲ့တွေနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေးသွားမယ်လို့ ဆွေးနွေးပါတယ်” ဟု မဇ္စျိမကို ပြောသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တဖွဲ့ချင်း
ဆွေးနွေးရန်၊ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကဲ့သို့ တိုင်းရင်းသား စုပေါင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဟူ၍ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် UNFC ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံ တွေ့ဆုံကြဦးမည်ဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အဖွဲ့ဝင်များ အပါအဝင် ၁၆ ယောက် တက်ရောက် မည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ဆိုသည်။
“အဓိကတော့ လက်နက်ကိုင် အင်အားစုတွေနဲ့ စပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ဘယ်လိုသွားကြမလဲ။
ပြည်နယ်တွေနဲ့ ပြည်ထောင်စုနဲ့ ဘယ်လို ဆက်သွယ်လုပ်ကြမလဲဆိုတာက Framework (မူဘောင်) တခုပဲ ဖြစ်ပါတယ်။ UNFC ကလည်း ဒီအဆင့်ထဲမှာ ပါနေတာပေါ့” ဟု ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် UNFC ကိုယ်စားလှယ်များ ချင်းမိုင်မြို့တွင်ပင် အလွတ်သဘော ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာသည့် နောက်ပိုင်း UNFC
ှနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီတို့ တွေ့ဆုံမှု ရပ်ဆိုင်းထားရာမှ ယခုပြန်လည် တွေ့ဆုံကြမည် ဖြစ်သည်။