အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော

အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့ ဖေဖော်ဝါရီ ၁၉ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel ဟိုတယ်တွင် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာ၌ စစ်ဘက်နှင့်အစိုးရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်ကြား ရှေ့ဆက်တိုက်ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ဦးအောင်မင်းက ပြောသည်ဟု RCSS/SSA သတင်းရပ်ကွက်က ဆိုပါသည်။

“အပစ်ရပ် သဘောတူညီခဲ့ပြီဆိုပေမယ့် ခုချိန်ထိ အစိုးရစစ်တပ်နဲ့ ကျနော်တို့ ပစ်ခတ်မှုရှိနေတုန်းဘဲ ။ အရင်တုန်းက ကျနော်တို့ထင်တာက အစိုးရစစ်တပ်ရဲ့ အောက်ခြေတပ်သားတွေ အရာရှိတွေဟာ အထက်ရဲ့အမိန့်ကို မနာခံဘဲ မိမိဆန္ဒ အလျောက် ကျနော်တို့ကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ထင်မိတယ်။ ကျနော်တို့ လေ့လာကြည့်တော့ အထက်ရဲ့ ညွှန်ကြား ချက်ကြောင့် ပစ်ခတ်ရတာလို့ သိရတယ်။ ဒီကိစ္စတွ မေးဖြစ်စေချင်တော့ဘူးလို့ စဝ်ယွက်စစ်က ပြောတော့ ဦးအောင်မင်းက စစ်ဘက်နဲ့အစိုးရတို့ ဆွေးနွေးပြီးပြီ။ ရှေ့ဆက်မဖြစ်တော့ပါဘူးလို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် RCSS/SSA အရာရှိတဦးက ပြောသည်။

rcss-govt-cm1

ရှေ့ဆက်တိုက်ပွဲများဆက်မဖြစ်အောင် အစိုးရအပေါ် အပစ်ရပ်တပ်ဖွဲ့များမှ ယုံကြည်မှုရှိသင့်သည်ဟု ဦးအောင်မင်းက ပြောဆိုရာ ၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရအပေါ်တွင်သာ မူတည်ကြောင်းပြောခဲ့ သည်ဟုဆိုပါသည်။

ထို့အပြင် အပစ်ရပ် ငြိမ်းချမ်းရေး တည်တံ့ဖို့ ပြည်သူလူထု ပါဝင်သင့်သည်ဟု စဝ်ယွက်စစ်က တင်ပြရာ ဦးအောင်မင်း က သဘောတူညီခဲ့ကြောင်း၊  နှစ်ဦးနှစ်ဘက် သဘောတူညီချက်များဖြစ်သည့် ငြိမ်းချမ်းရေး စောင့်ကြည့်ရေးကော်မတီဖွဲ့ဖို့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစရှိသည်တို့လည်း လက်တွေ့အကောင် အထည် မဖော်ရသေးသည့်အချက်နှင့် ပတ်သက်၍ လည်း ဦးအောင်မင်းက အဟန့်အတားအခက်အခဲများ အား ဖြေရှင်းခဲ့ပြီးဖြစ်သဖြင့် စတင်အကောင်အထည်ဖော်နိုင်တော့ မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟုဆို၏။

“ဒါ့အပြင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားတပ်မတော် တည်ထောင်ဖို့ အစရှိတာတွေကိုလည်း ဆွေးနွေးခဲ့တယ် ” ဟု အဆိုပါအရာရှိက ပြောပါသည်။

ယခုတကြိမ် တွေ့ဆုံမှုမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် အလွတ်သဘော အကြိုညှိနှိုင်းဆွေးနွေး ပွဲဖြစ် ကြောင်း သျှမ်းပြည်တပ်မတော်က ပြောဆိုပါသည်။

ဆွေးနွေးပွဲသို့ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ ဒု- ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူး လောင်ဆိုင်၊ ဗိုလ်ကြီး စိုင်းဆိုင်မိဏ်း တို့ပါဝင်ပြီး အစိုးရကိုယ်စားလှယ် ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့် ပါဝင်သည့် အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ၂ ကြိမ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

Most read this week