ကျောက်ထုတ်ရန် ကျောက်ဖြူမြို့ သမိုင်းဝင် ဘုရားတည်ရှိရာ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲပြီ

ကျောက်ထုတ်ရန် ကျောက်ဖြူမြို့ သမိုင်းဝင် ဘုရားတည်ရှိရာ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲပြီ
by -
နိရဥ္စရာ

ကျောက်ဖြူမြို့၏ သမိုင်းဝင် ကျောက်တစ်လုံး ဘုရား တည်ရှိရာ ကျောက်တစ်လုံးတောင်ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် လိုအပ်သော ကျောက်ထုတ်ရန် ယခုအခါ မိုင်းခွဲနေကြောင်း သတင်း ရရှိသည်။

ကျောက်ထုတ်လုပ်မူကို MGC ကုမ္ပဏီနှင့် ဒေသခံ တပ်ရင်းများမှ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

“တပ်ရင်း ၅၄၃ နဲ့ MGC ကုမ္ပဏီ တို့က မိုင်းခွဲပြီးကျောက်တွေ ထုတ်နေပါတယ်။ အခုလို ကျောက်ထုတ် နေတဲ့ အတွက် သမိုင်းဝင် ကျောက်တစ်လုံး ဘုရား တည်ရှိရာ ကျောက်တောင်ဟာ နှစ်ပိုင်း ကျိုးသွားမယ့် အခြေအနေကို ရောက်ရှိနေပါတယ်” ဟု ပြောသည်။

ယခုကဲ့သိို့ သမိုင်းဝင် ရှေးဟောင်း စေတီတော်နှင့် ဂူဘုရားများ တည်ရှိရာ တောင်အား မိုင်းခွဲနေသဖြင့် ကျောက်ဖြူခရိုင် ဥက္ကဌအား ကျောက်ဖြူ လူငယ် အဖွဲ့မှ သွားရောက် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ဒေသခံ ကျောက်ဖြူ လူငယ် တစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“နေ့တိုင်း မိုင်းခွဲပြီး ကျောက်ထုတ်နေတဲ့ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒီတောင်မှာ ရှေးရခိုင် ဘုရင်များ ခေတ်ကတည်းက ဂူဘုရား ၅၄ ပါးကို ကျောက်တောင်ကို ထွင်းထု တည်ဆောက် ထားခဲ့ပါတယ်။ ဒါကြောင့် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်အဖွဲ့က သွားရောက် တင်ပြပေမယ့် ခရိုင် ဥက္ကဌတို့က ဘာမှ အရေးတယူ ဆောင်ရွက်ပေးတာ မရှိဘဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။

သမိုင်းဝင် ကျောက်တစ်လုံး ဘုရားကို ကောဇာ သက္ကရာဇ်  ၈၉၈ ခုနှစ်က မင်းဗာ ဘုရင် တည်ထားကိုးကွယ်ခဲ့ပြီး ကျောက်တောင်တွင် ဂူဘုရား ၅၄ ပါးကို ထွင်းထုထားခဲ့သည်။ အဆိုပါ ဘုရားသည် ကျောက်ဖြူမြို့မှ  ၃ မိုင်ခွဲ အကွာတွင် တည်ရှိသည်။

ယခုအခါ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲပြီး ကျောက်ထုတ်လုပ်နေမူကြောင့် ကျောက်ဖြူ ဒေသခံများ အကြားတွင်လည်း အထူး စိတ်မချမ်းသာဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

“အခု တစ်မြို့လုံးက မကျေမနပ် ဖြစ်နေကြတယ်။ အခု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကိုလည်း တိုင်ကြားထားပြီ။ ခုလို သမိုင်းဝင် ဘုရားနေရာကို ဖျက်ဆီးနေတာကို မရပ်ရင် မြို့နယ် တစ်ခုလုံးက လူတွေ ဆန္ဒပြသွားကြဖို့ စီစဉ်နေပါတယ်” ဟု ဦးသန္တာမောင်က ဆိုသည်။

၎င်းပြင် ယခုကဲ့သို့ ရခိုင်သမိုင်းဝင် ဘုရား တည်ရှိရာ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲဖျက်ဆီးနေမူနှင့် ပတ်သက်ပြီး ရခိုင် သံဃာတော်များ၊ ပြည်သူများမှလည်း ၀ုိင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြရန် နိုးဆော် သွားမည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များသည် ရခိုင်အမျိုးသားများ၏ အဖိုးမဖြတ်နိုင်သော သမိုင်း အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် အစား မထိန်းသိမ်း မစောင့်ရှောက်သည့် အပြင် အကြောင်းအမျိုးမျိုးပြကာ ဖျက်ဆီးနေသဖြင့် ရခိုင်သမိုင်း အမွေအနှစ်များမှာ တစ်ခုပြီး တစ်ခု ဆုံးရှံုးနေကြရသည်ဟု သိရသည်။

Most read this week