တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရသည်။

တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှူး ဗင်ကားတွေကြီးဘဲဓါးပြတိုက် ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” ဟု ဓါးပြတိုက်ခံရသူ အားဖှန်ကပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်က တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်းများ အားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော် ပါသွားကြောင်း ကားဆရာများ အသိုင်းအဝိုင်းက ပြောသည်။

“တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်” - ဟု အားဖှန်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့် ကွာဝေးကြောင်း၊ အစိုးရစစ်တပ်အနေဖြင့် ဒေသအတွင်း ခရီးသွားများအတွက် လုံခြုံရေး ယူပေးလိုသည့် ဆန္ဒရှိလျှင် ပေးနိုင်သည့် အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ၂၀၀၉ ခုနှစ် မေလ နှစ်ဦးပိုင်းကလည်း မကြာခဏ ဓါးပြတိုက်မှုဖြစ် ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့နှင့် ဓါးပြအဖွဲ့တို့ ရင်ဆိုင်မိပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၁၁  မှ ယနေ့အထိ အဆိုပါဒေသအတွင်း ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန် မယူပေးနိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုများက ပြောဆိုကြသည်။