ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့
by -
မဇ္ဈိမ

ကမ္ဘာ့ကုလသမဂ္ဂက ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်းနှင့်နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က ဆိုသည်။

ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ရ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်ကမြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည် ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြံုရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ထွက်လာမယ်။ ကား ရ စီး ရောက်လာမယ်လို့ သိရတယ်။ ကျနော်တို့က တက်လာပြီဆိုပြီး နားလည်ထားတာ။ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ လုံခြံုရေး ယူပေးမယ်ဆိုပြီး ရှေ့တန်းတပ်ဖွဲ့တွေကို ညွန်ကြားထားတယ်” ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားသည်ဟု သိရကြောင်းလည်း သူက ဆိုသည်။

“နိုင်ငံခြားသား နှစ်ဦးပါလို့ နေပြည်တော်ကို မေးထားတယ်။ သူတို့ကို မသွားခိုင်းဘူး။ မနက်ဖြန်မှ သေချာမယ်ထင်တယ်။ နဂိုက နိုင်ငံခြားသား ပါမယ်ဆိုတာ မသိလို့ထင်တယ်။ ဒီနေ့တော့ မလာနိုင်ဘူးလို့ ပြောတယ်” ဟု ဆက်ပြောသည်။

မြန်မာအစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုလ အကူအညီအား ပထမဆုံးအကြိမ်အဖြစ် ရရှိမည်ဖြစ်၍ ကြိုဆိုကြောင်း သူက ဆက်ပြောသည်။

သို့သော် မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂ အဖွဲ့မှ ဒေါက်တာစည်သူကမူ “ကျနော်တို့ ဒီနေ့တော့ မထွက်လာသေးပါဘူး။ ကျနော်တို့ဘက်က လုပ်စရာလေးတွေ ရှိနေသေးလို့ပါ ”ဟု မဇ္စျိမကို ပြောသည်။ မည်သည့် အကြောင်းအရင်းကြောင့် မသွားရောက်နိုင်သည်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဖားကန့်မြို့သို့ စစ်ပြေးဒုက္ခသည်များအား သွားရောက် လှူဒါန်းမည်ဟု သိရသော်လည်း ခွင့်ပြုချက်မရသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်ဟု ဖားကန့်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘောင် တူးဂျာ က “ခွင့်မပြုလို့ မနက်ဖြန်၊ သဖက်ခါ သူတို့ ကြိုးစား
ကြည့်မယ်လို့ ပြောတယ်” ဟု ပြောသည်။ မည်သူက ခွင့်မပြုကြောင်းကိုမူ မသိရဟု ဆိုသည်။

ဖားကန့်မြို့ပေါ် ငှက်ပျော်တော၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီဆာ စသည့် ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွင်းရှိ စစ်ပြေးဒုက္ခသည် စခန်း ၃၆ ခုတွင် ဒုက္ခသည် ရ,၀၀၀ ကျော်ရှိနေသည်ဟု သိက္ခာတော်ရ ဆရာဘောင်တူးဂျာက ပြောသည်။

အစိုးရ စစ်ကြောင်းများ လှုပ်ရှားနေသဖြင့် လုံခြံုရေး စိတ်မချရ၍ စစ်ပြေး ဒုက္ခသည်များက မိမိနေရပ်သို့ မပြန်ရဲဘဲဖြစ်နေကြသည်ဟု ဆိုသည်။

ငှက်ပျော်တော ကက်သလစ်ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၁,၇၀၀ ကျော် ခိုလှုံနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေချိန်အတွင်း ကုလသမဂ္ဂမှ ကူညီမည်ဟုသိရသဖြင့် ကြိုဆိုကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဦးနော်ဂျာ က ပြောသည်။

“အကူအညီပေးတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ လူတွေက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်တဲ့လူ ပိုများလာတယ်။ စိတ်ဆင်းရဲ တာတွေ၊ သူတို့ ကိုယ်ကာယ စိတ်ဆင်းရဲ အစစအရာရာ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ် ဆိုတာတော့ ကြိုဆိုရမှာပါ” ဟု မဇ္စျိမကို ပြောသည်။