SAW ရွှေ့ပြောင်းကျောင်းတွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

SAW ရွှေ့ပြောင်းကျောင်းတွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
by -
ကေအိုင်စီ

ထိုင်းနိုင်ငံ-မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာကျောင်း တစ်ကျောင်းဖြစ်သည့် SAW စာသင်ကျောင်းတွင် ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားပြုလုပ်ခဲ့ပြီး ကလေးငယ်များအတွက် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို နံနက် ၈ နာရီအချိန်မှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရသူများကို ဆုပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံသားများ လေးစားအတုယူထိုက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ကလေးများနေ့လည်း ဖြစ်သည့်အတွက် မြန်မာရွှေ့ပြောင်း ကလေးများ ပါ၀င်ဆင်နွှဲနိုင်ရန် ယခုလို ကျင်းပရခြင်း ဖြစ်ကြောင်း SAW ကျောင်းပညာရေး တာဝန်ခံ ဆရာမင်းမင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ဟာ ကျနော်တို့လူငယ်တွေ အားကျ အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ နောက်ပြီးတော့ သူကကျောင်းသား ဘဝကတည်းက မြန်မာပြည်သူလူထု အကျိုးအတွက် ဦးဆောင်ဦးရွက်ပြု ခဲ့တယ်။ လမ်းမှန်ကို လျှောက်ပြခဲ့တယ်။ ဒါကြောင့် ကျောင်းသားတွေကို ဗိုလ်ချုပ်လိုစိတ်ဓါတ်မျိုး၊ အာဇာနည် စိတ်ဓါတ်မျိုးရအောင် ဆန္ဒဖြစ်တဲ့အနေနဲ့ ကျင်းပပေး ခဲ့တာပါ” ဟု ပြောသည်။

SAW ကျောင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ငွေကြေးအခက် အခဲကြောင့် အခြားရွှေ့ပြောင်း စာသင်ကျောင်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင် ခြင်း မရှိခဲ့သော်လည်း ယနေ့အခမ်းအနားတွင် SAW ကျောင်း၏ ၂၀၁၁-၂၀၁၂ ကျောင်းပညာသင်နှစ် ဆုပေးပွဲအနေဖြင့် ဆုရရှိသည့် ကလေးများကို ပညာရည်ချွန် ဆုများ ပေးအပ်ခဲ့သဖြင့် ကျောင်းသားများက ပျော်ရွှင်ကြောင်းလည်း ဆရာမင်းမင်းက ဆက်ပြောသည်။

“ဒီနှစ်ကတော့ ကျနော်တို့ကျောင်းတစ်ကျောင်းထဲပဲ လုပ်ဖြစ်တာပါ။ ဒါပေမယ့် အရင်နှစ်ကလိုမဟုတ်ပဲ ချောတိုင်တက်ပွဲတွေပါ ပါတော့ ကလေးတွေက တော်တော်ကိုပျော်ကြတယ်၊ သူတို့တွေပျော်နေတာ တွေ့တော့ ၀မ်းသာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၀၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မူလတန်းကြို(မူကြို) အဆင့်မှ ၁၀ တန်းအထိရှိသော SAW ရွှေ့ပြောင်း မြန်မာ စာသင်ကျောင်း၌ ယခုနှစ်တွင် ကလေးပေါင်း ၃၆၃ ဦးနှင့်၊ ဆရာ၊ ဆရာမပေါင်း ၂၆ ဦးရှိပြီး ယနေ့ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများ၊ မိဘဆရာများ အပါအဝင် ပရိဿတ် ၃၀၀ နီးပါး တက် ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအား ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်စေရန်ဦးဆောင် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံ၏ စံပြုထိုက်သူ တဦးဖြစ်ပြီး အဖ ဦးဖာ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မကွေးခရိုင်၊ နတ်မောက်မြို့တွင် ဖွားမြင်ခဲ့သည်။