မွန်ပြည်နယ်၊ ရေးမြို့မှ ဘုရားသုံးဆူနယ်စပ်မြို့သို့ ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်တစ်သိန်းခွဲ (၁၅၀,ဝဝဝ) ပေးဆောင်ရန် ရေးမြို့မရဲစခန်းက ကြားခံလူများမှတဆင့် ကောက်ခံခိုင်းနေသည့်ကိစ္စအား သက်ဆိုင်ရာသို့ စာရေးတိုင်ကြားထားကြောင်း ကားသမားများက ပြောသည်။
ထိုသို့လိုင်းကြေးကောက်ခံနိုင်ရန် ရေးမြို့မရဲစခန်း နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် နိုင်ဝင်းသိန်းက ရေးမြို့၊ တံတားဖြူအနီးရှိ အိုင်ဘုတ်ရွာနေ ဦးဆယ်ပြား ဆိုသူအား စေခိုင်းထားကြောင်း သိရသည်။
ကားသမားတစ်ဦးက “ကျနော်တို့ကားသမားတွေ သူတို့တောင်းတဲ့ငွေကို အပြည့်မပေးနိုင်ကြသေးဘူး၊ တကယ်လို့ တစ်သိန်းခွဲအပြည့် ပေးပြီးရင်တောင်မှ တရားဝင် မဟုတ်တဲ့အတွက် ကျနော်တို့ကား ကိုမဖမ်းနိုင်ဘူးလို့လဲ အာမခံနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိတွင် ရေး-ဘုရားသုံးဆူမြို့သို့ အပြန်အလှန်ပြေးဆွဲနေသည့် လေးဘီးယက်ယာဉ်ငယ်(4-WD) အစီး ၂၀ ရှိရာ အားလုံးလိုလိုမှာ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်သည်ဟုလည်း သူက ဆိုသည်။
ယခင်နှစ် ပွင့်လင်းရာသီကလည်း မော်တော်ယာဉ်တစ်စီးလျှင် လိုင်းကြေးငွေ ကျပ်နှစ်သိန်းသုံးသောင်း (၂၃၀,ဝဝဝ) နှုန်းဖြင့် ကားသမား ဦးအောင်မျိုးဆွေ ဦးဆောင်၍ ရေးမြို့မရဲစခန်းအတွက် ကောက်ခံပေးခဲ့သည်ဟု ၄င်းကားသမားများ စုပေါင်းလက်မှတ်ရေးထိုးထားသည့် တိုင်ကြားစာအရ သိရသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ရေးမြို့သို့ အပြန်အလှန်ပြေးဆွဲနေသည့် မော်တော်ယာဉ် (၂၀) စီးရှိသည့်အနက် ကားသမား (၁၄) ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ရဲချုပ်ရုံး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ လိပ်မူပြီး မိတ္တူကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်ထွေအုပ်ရုံး၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်ရုံး အသီးသီးသို့ တိုင်ကြားစာပေးပို့ခဲ့သည်။
၄င်းတိုင်ကြားစာအရ ရေးမြို့ပေါ်နှင့်အနီးတဝိုက်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ပြေးဆွဲနေသည့်အနက် ဖမ်းဆီးလိုသည့် မော်တော်ယာဉ်အချို့ကိုသာ ဖမ်းဆီးခြင်းရှိခဲ့သည်ဟု သိရသည်။
မွန်ပြည်နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ပြီးခဲ့သော ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်ဖမ်းဆီးတော့မည်ဖြစ်ကြောင်း အာဏာပိုင်များက အသိပေးကြေညာ ထားပြီးဖြစ်သည်။
သို့သော် လွန်ခဲ့သည့် ဇန်နဝါရီလ(၂၀) ရက်နေ့က ရေးမြို့ပေါ် တပလ္လင်နှစ်ဆူ ဘုရားရှေ့၌ ဘုရားသုံးဆူမှ ကုန်တင်လာသော ယာဉ်မောင်း ဦးတင်လှ၏ လိုင်စင်မဲ့ တိုယိုတာနှစ်ခန်းတွဲ ကားတစ်စီးအား ဒုရဲအုပ် နိုင်ဝင်းသိန်းနှင့် အဖွဲ့ဖမ်းဆီးနေစဉ် အခြားလိုင်စင်မဲ့ ကားတစ်စီးဖြတ် သန်းလာသော်လည်း လုံးဝ ရပ်တန့်စစ်ဆေးခြင်း မရှိကြောင်း ၄င်းတိုင်ကြားစာတွင် ရေးသားဖေါ်ပြထားသည်။
ရေးမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “နိုင်ဝင်းသိန်းက အဲဒီတိုင်ကြားစာမှာ လက်မှတ်ထိုးခဲ့တဲ့ ကားသမား ၁၄ ယောက်ကို တရားစွဲမယ်လို့သတင်းထွက်နေတယ်” ဟု ပြောသည်။
ဘုရားသုံးဆူနယ်စပ်မှ ပြည်တွင်းသို့ မော်တော်ယာဉ်ပြေးဆွဲနေသည့် ရေးလမ်း၊ သံဖြူဇရပ်လမ်းနှင့် ကြာအင်းဆိပ်ကြီးလမ်း ၃ လမ်းရှိသည့်အနက် ရေးလမ်းသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ကျန်လမ်း ၂ လမ်းမှာ ကေအင်ယူ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာနေရသည်။