မူစယ်မြို့၌ ခရိုင်အဆင့်မီ ဆေးရုံအသစ် ဆောက်လုပ်မည်

မူစယ်မြို့၌ ခရိုင်အဆင့်မီ ဆေးရုံအသစ် ဆောက်လုပ်မည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လက်ရှိဆေးရုံအစား ဆေးရုံအဆောက်အဦး အသစ်အား မြို့ပတ်လမ်းရှိ ဘော်လုံးကွင်း အနီး လာမည့် ဧပြီလပိုင်းတွင် စတင်  ဆောက်လုပ်တော့မည် ဖြစ်ရာ မူလဆေးရုံ ဟောင်းနေရာ၌ ကျန်းမာရေး ၀န်ထမ်းများကိုသာ ထားရှိတော့မည် ဖြစ်ကြောင်း မူစယ်ခရိုင် အုပ်ချုပ်ရေး အသိုင်းအဝိုင်း ကပြောသည်။

ဆေးရုံသစ် ဆောက်လုပ်ခွင့် ကန်ထရိုက် ရရှိရေးအတွက် ကုမ္ပဏီများက ပြည်နယ်ဝန်ကြီးချုပ်ထံ လျှောက်လွာ တင်ထားသော်လည်း ခွင့်ပြုမည်မဟုတ်ပဲ နိုင်ငံတော်ဘတ်ဂျက်ဖြင့်သာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မူစယ်ခရိုင်အုပ်ချုပ်ရေး အသိုင်းအဝိုင်းက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ကုမ္ပဏီတွေကတော့ ဒီနေရာကို ဆောက်ခွင့်ရဖို့တောင်းတယ်။ ကုမ္ပဏီတွေက လိုက်ကြိုးစား တာတော့မှန်တယ်။ လက်မခံတော့ မဖြစ်ဘူးပေါ့။ အစိုးရက ခွင့်မပြုဘူး။ မြို့လူထုကလည်း လက်မခံဘူးပေါ့နော်၊ နေရာ ဟောင်းကိုတော့ ၀န်ထမ်းတွေကို ပဲပေးနေမယ်” ဟု ၎င်းအသိုင်းအဝိုင်း နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဆောက်လုပ်မည့် ဆေးရုံမှာ ခရိုင်အဆင့်နှင့်အညီ အဆင့်အတန်းပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဆေးရုံသစ်က မြို့ပတ်လမ်း ဘော်လုံးကွင်းနေရာအသစ်မှာ ဆောက်မှာ ဆေးရုံအဆင့်အတန်းကလည်း အများကြီးမြင့်လာမယ်။ ခရိုင်အဆင့်နဲ့အညီ အသစ်ဖြစ်လာမယ်။ နောက်ပြီးတော့ ပစ္စည်းကရိယာ တွေပိုစုံလာမယ်။ သံဃာဆေးရုံတစ်ခုလည်း ပါမယ်” - ဟု ဆက်ပြောသည်။

လက်ရှိတွင် မူစယ်မြို့တွင်း အိမ်ရာစီမံကိန်းများ တိုးချဲ့ဆောက်လုပ်နေရာ ကုမ္ပဏီများက ဒေသခံများထံမှ မြေယာ သိမ်းယူ မှုများရှိခဲ့ပြီး ဒေသခံနှင့် ကုမ္ပဏီများအကြား မကျေလည်မှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။