မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူ

မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူ
by -
မဇ္ဈိမ

တနှစ်ကျော်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံ စီမံကိန်းရှိ တရုတ်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပို ရေးရှင်း(CPI) က စက်ပစ္စည်းများကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူနေ သည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ပြောသည်။

သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလက ကြေငြာခဲ့သော်လည်း CPI ၀န်ထမ်းများမှ ဆက်လက် နေထိုင်ခဲ့သည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီလ လယ်ပိုင်းမှ စတင်ကာ ဆဒုံး - ကန်ပိုင်တီကားလမ်းမှ တရုတ်နိုင်ငံသို့ ပစ္စည်းများ သယ်ယူနေခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ သယ်ယူနေသော CPI ကားများကို သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှုန့်လုံးက ပြောသည်။

“CPI ပစ္စည်းတွေကိုတော့ နေ့တိုင်း သယ်သူနေတယ်။ ဟိုဘက် ဝိုင်းမော် - ကန်ပိုင်တီ လမ်းဘက်ကနေ
သယ်သွားတယ်လို့ ပြောတယ်။ ဟိုတခါကျနော်တို့ မေးကြည့်တော့ အဆောက်အအုံ တွေကိုတော့ ဒီအတိုင်း
အစောင့်နဲ့ ထားခဲ့မယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပစ္စည်းသယ်ယူနေမှုကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့များလည်း နေ့စဉ် လုံခြံုရေးတာဝန်ယူပေးနေသည်ဟု ဦးမှုန့်လုံးက ဆက်ပြောသည်။

သို့သော် CPI ဘက်မှ မြစ်ဆုံရေကာတာ စီမံကိန်း ရုပ်သိမ်းကြောင်း တရားဝင်ကြေငြာခြင်း မရှိသဖြင့် ပစ္စည်းများ သယ်ယူ နေသော်လည်း စီမံကိန်း ရုတ်သိမ်းသွားသည်ဟု ပြောဆို၍ မရသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG မှ ကိုဆာဂျီးက ပြောသည်။

၎င်းက “အပြီး ရုတ်သိမ်းတယ်လို့ ပြောလို့မရဘူး။ သူတို့လည်း မြစ်ဆုံအထက်ပိုင်းက ရေကာတာတွေ လုပ်ဖို့ ရှိသေးတယ်။ စီပီအိုင်စီမံကိန်း က မရုပ်သိမ်းသေးဘူး။ စက်ပစ္စည်းတွေက ကြာရင် ပျက်ဆီးသွားနိုင်တယ်လေ။ ဒါကြောင့် တခြားနေရာအသုံးပြုဖို့ သယ်သွားတာလည်း ဖြစ်နိုင်တယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ CPI ရုံးလည်း ဆက်လက် တည်ရှိနေသလို၊ CPI ရုံး လူကြီးစီးကားများလည်း ရှိနေသေးသည်ဟု သူက ဆက်ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့မှ မြောက်ဘက် ဆွမ်ပရာဘွမ်မြို့နယ်သို့ စစ်ကားယာဉ်တန်း အစီး ၁၀၀ ကျော် တက်သွားပြီး ထိုလမ်းကြောင်းအတွင်း အစိုးရစစ်သားများ နေရာအနှံ့ လုံခြံုရေးတပ်များ ချထားသည်ကိုတွေ့ရကြောင်း ကိုဆားဂျီးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က CPI မှ ယူနန်ပြည်နယ် အထက်တန်း ကိုယ်စားလှယ် Wang Qang Qiyue က သမ္မတ ဦးသိန်းစိန် အစိုးရ၏ သက်တမ်း ၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်သွားပါက CPI အနေဖြင့် မြစ်ဆုံ စီမံကိန်းအား ပြန်လည် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း မဇ္စျိမကို ပြောဆိုခဲ့သည်။

ထို့ပြင် စီမံကိန်းဧရိယာအတွင်းရှိ အလုပ်သမား အများစုနှင့် စက်ပစ္စည်းများအား တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူပြီး အဓိက နေရာတွင် အလုပ်သမား ၈၀ သို့မဟုတ် ၉၀ ခန့် သာကျန်တော့သည်ဟု ဆိုပြီး ထိုလူများ သည် လုံခြံုရေး အလုပ်သမားများ ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

CPI က စီမံကိန်း ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ယမန်နှစ် မေလက မြစ်ဆုံဒေသခံ ရွာသားများအား လိုက်လံ စည်းရုံးခဲ့သလို၊ မြစ်ဆုံ စီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD က ယမန်နှစ် မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂၀၀၇ ခုနှစ်က အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်ခဲ့ရာမှ မြန်မာပြည်သူများ ကန့်ကွက်ခဲ့သဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့သည်။