မြောက်ဦး ဟိုတည်များတွင် နိုင်ငံခြားသားများ တည်းခိုခွင့် မပြုရန် အာဏာပိုင်များ ညွှန်ကြား

မြောက်ဦး ဟိုတည်များတွင် နိုင်ငံခြားသားများ တည်းခိုခွင့် မပြုရန် အာဏာပိုင်များ ညွှန်ကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦးသို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်ခြင်းကို အာဏာပိုင်များက ပိတ်ပင် ထားသည်သာမက အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပါကလည်း ဟိုတည်များတွင် တည်းခိုခွင့် မပြုရန်  ညွှန်ကြားထားသည်ဟု သတင်း ရရှိသည်။

ထိုသို့ ညွှန်ကြားထားခြင်းကို ဟိုတည်နှင့် ခရီးသွား လုပ်ငန်း တာဝန်ရှိသူများက ဖုံးဖြင့် ပြုလုပ် ထားသည်ဟု အမည် မဖေါ်လိုသူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“အစိုးရကနေ တရားဝင် ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ အပါအဝင် မြောက်ဦးက ဟိုတည်တွေကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကနေ တယ်လီဖုန်းနဲ့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ မြောက်ဦးသို့ နိုင်ငံခြား ခရီးသည်တွေကို မပို့ဆောင်ဖို့နဲ့ အကြောင်းအမျိုးအမျိုးကြောင့် မြောက်ဦးကို ရောက်ရှိလာတဲ့ ခရီးသည်တွေကိုလည်း လက်မခံဖို့  မြောက်ဦးမှာ ရှိတဲ့ဟိုတယ်တွေကို ညွှန်ကြား ထားပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သောနှစ် ဇွန််လတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် သြဂတ်စ်လ  ၃၀ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြီး စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ ကျောက်တော်မြို့ မဟာမုနိသို့ နိုင်ငံခြားခရီးသွားများ သွားလာ လည်ပတ်မူကို ပိတ်ပင်ခဲ့သည်။

အခြေအနေ ပြန်လည် တည်ငြိမ်လာသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အစိုးရမှ တရားဝင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း အောက်တိုိဘာလတွင် ဆက်လက် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်လာသဖြင့် နိုင်ငံခြားသားများ မြောက်ဦးသို့ သွားလာ လည်ပတ်မူကို ပြန်လည် ပိတ်ပင်ခဲ့သည်။

မြောက်ဦးမြို့ကို နိုင်ငံခြား ခရီးသည်များ လာရောက်လည်ပတ်မှုကို ပိတ်ထားသည့်အတွက် ဒေသအတွင်းမှ လုပ်ငန်းရှင်များ အပါအဝင် ခရီးသွား လုပ်ငန်း တစ်ခုလုံးကို အထူးထိခိုက် နစ်နာ နေကြရသည်ဟု မြောက်ဦးမြို့မှ ဟိုတည် ပိုင်ရှင် တစ်ဦးက ပြောသည်။

“ဒီလုပ်ငန်းကို မှီခိုစားသောက်နေကြတဲ့ ခရီးသွား လုပ်ငန်းတွေ၊ လက်လုပ်လက်စားတွေ၊ ရှိစု မဲ့စု စုဆောင်းပြီး လုပ်ငန်းလေး တွေ ထူထောင်ထားတဲ့  သူတွေကတော့  လုပ်ငန်းတွေ ပျက်စီး သွားပါ တယ်။ ဟိုတယ်တွေ၊ နိုင်ငံခြား ခရီးသည်တွေကိုပို့ပေးနေတဲ့ စက်လှေသမားတွေကလည်း တနှစ်လုံး ဘာမှဝင်ငွေမှ မရှိတဲ့ အတွက် စက်လှေတွေကို ကုန်းပေါ်တင်ထားကြရပီး တချို့မှာလည်း စက်လှေတွေ ပျက်ကုန်ပါပြီ” ဟု ဆိုသည်။

ယခုကဲ့သို့ ပိတ်ပင်ထားခြင်းမှာ အောက်တိုဘာလ အတွင်းက မြောက်ဦးမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မှုများနှင့် ဆက်စပ်နိုင်သည်ဟု သူက ပြောသည်။

“ဘာကြောင့် မြောက်ဦးကို နိုင်ငံခြားသား ခရီးသွားတွေ လာရောက်လည်ပတ်မူကို ပိတ်ထားတယ် ဆိုတာ ကိုတော့ အစိုးရဘက် က တိတိကျကျ အကြောင်းပြချက်တော့ မပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထင်တာ ကတော့ မြောက်ဦး ဆူပူ အကြမ်းမှုတွေနဲ့ ဆက်စပ်ပြီး ဒီလိုပိတ်ထားတယ်လို့ဘဲ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

အောက်တိုဘာလ အတွင်းက မြောက်ဦးနှင့် ၆ မိုင် ခန့်ဝေးသည့် ယဉ်သည်ရွာတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မူတွင် လူအများအပြား သေဆုံးခဲ့သည်။

ဟိုတယ်ပိုင်ရှင်များ အနေဖြင့်  နိုင်ငံခြားခရီသွား ဧည့်သည်များ လာရောက် တည်းခိုမှု မရှိသည့်အတွက် အ ခက်အခဲများ ဖြစ်ပေါ်နေသဖြင့်  ဟိုတယ် ၀န်ထမ်း တချို့ကို အလုပ်မှ ဖြုတ်ပစ်လိုက်ရပြီး တချို့ကိုလည်း အ လုပ်မှ ယာယီ အနားပေးထားရကြောင်း အဆိုပါ ဟိုတယ် ပိုင်ရှင်မှ ပြောသည်။

ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်း၏ အဓိက အချက်အချာကျသော မြောက်ဦးမြို့ကို နိုင်ငံခြားသားများ သွားလာ လည်ပတ်မူကို ပိတ်ပင်ထားသဖြင့် ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်းကို အထူး ထိခိုက်နေသည်ဟု သိရသည်။

Most read this week