KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသော တိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသော တိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်
by -
သျှမ်းသံတော်ဆင့်

ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ (သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။

KIA နှင့်အစိုးရ ဆွေးနွေးပွဲ (ဓါတ်ပုံ- Jade Land)

ဆွေးနွေးပွဲတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့/ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIO/KIA ကိုယ်စား လှယ်များဖြစ်သည့် ဗဟို ဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဒု ဉက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မွေးမြူရေးဝန်ကြီးဦးအုန်းမြင့်၊ အကျိုးတော်ဆောင် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် ၈ ဦး တက်ရောက်သည်ဟု ဆိုသည်။

“ကေအဲန်ယူ က ဗိုလ်ချုပ်မူတူးဆေးဖိုးပါတယ်။ သျှမ်း RCSS/SSA ကတော့ ဗိုလ်မှူးချုပ်စိုင်းလူးပါတယ်” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောဆိုသည်။

ထူးခြားစွာ ပါဝင်လာသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကေအဲန်ယူ ဉက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နှင့် ၎င်း၏ PSO ၊ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ယူရိုဘားမားရုံးက စဝ်ဟန်ယောင်ဟွေ့ နှင့် ဗစ်ခ်ထာ ဘိုက်လီယန်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီမှ ဗိုလ်မှူးချုပ် စိုင်းလူး နှင့် ၎င်း၏ PSO တို့လည်း တက်ရောက်သည်ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုစစ်ဦးစီးချုပ် နှင့် နိုင်ငံတော်အဆင့် ဒုဝန်ကြီး များပါတက်ရောက်သောကြောင့် မီဒီယာသမားများ မွန်းလွဲပိုင်းအထိ ဝင်ခွင့်မရသေးကြောင်း သိရသည်။