သျှမ်းအရှေ့ ကျိုင်းတုံ မိုးသီးကြီးကျ ခေါင်မိုးများပျက်စီး

သျှမ်းအရှေ့ ကျိုင်းတုံ မိုးသီးကြီးကျ ခေါင်မိုးများပျက်စီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မိုးသီးရွာကျသဖြင့်  ဆုံးရှုံးမှုများပြားကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုသည်။

အိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

“မိုးသီးခဲကြီးက လိမ္မော်သီးလောက်ရှိတယ်။ အိမ်မိုးသွပ်ပြားတောင်မှ ပေါက်တယ်ဆိုတော့ ကျန်တဲ့ ကျောက်ပြား၊ အုတ်ကျွတ်တွေဆိုရင် ဘယ်ခံနိုင်တော့မလဲ။ ပေါက်ကုန်တယ်” ဟု ဒေသတွင်း ရပ်မိ ရပ်ဖတဦးကပြောသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီက  မိုးစတင်ရွာသွန်းရာ၌ လေပြင်းများပါ တိုက်ခတ်ကာ မိုးသီးကြီးများ ကျသဖြင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စုအတွင်း လူနေအိမ်များ ဘုန်းကြီး ကျောင်းများ၏ အိမ်ခေါင်မိုးပေါက်ပြဲကုန်ကြောင်း၊ သေကြေဒဏ်ရာရမှုနှင့် ပတ်သက်၍ ယနေ့မနက် ပိုင်းအထိ မကြားသိရ သေးကြောင်း ဒေသတွင်း ဘုန်းတော်ကြီးတပါးက မိန့်ဆိုသည်။

ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စု ကတ်ထိုက်ရွာ၊ နောင်ဟုမ်းရွာ၊ ယန်းလုံရွာ၊ ဝမ့်ဟေ့ရွာတို့တွင် လည်းကောင်း၊ ကတ်တောင်အုပ်စု ဝမ့်ကွမ်းရွာတို့တွင်လည်းကောင်း အိမ်ခေါင်မိုးများ ပေါက်ပြဲလှန် ထွက် ကုန်ကြောင်း ဒေသတွင်းလူငယ်တဦးကပြောသည်။

အိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

“ကျိုင်းတုံမြို့ထဲမှာ အိမ်ခေါင်မိုးပေါက်တာ ၁၀၀ ကျော်တယ်။ ဘုန်းကြီးကျောင်းက ၁၀ ကျောင်းကျော် တယ်။ အသေအပျောက်တော့မရှိပါဘူး” ဟု လည်း လူငယ်တဦးကပြောသည်။

အလားတူ ထိုင်းနယ်စပ် တလျှောက်ဖြစ်သော တာချီလိတ်မြို့၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် ပုံပါကျင်၊ ထိုင်း နိုင်ငံ ဘက်ခြမ်းတွင်မူ ချင်းရိုင်းခရိုင်အတွင်းရှိ မယ့်ဆိုင်၊ မယ့်ဖှလုံ၊ ချင်းမိုင်ခရိုင်ရှိ မယ့်အိုင်း၊ နောင်အုပ်တို့တွင်လည်း မိုးသက်လေပင်းနှင့် မိုးသီးများကျကြောင်း၊ သို့သော် ကျိုင်းတုံမြို့၌ကျသော မိုးသီးလောက် မကြီးကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်နှစ်များက ဧပြီလဆန်းလောက်မှ မိုးသီးလေကြီးများကျလေ့ရှိသော်လည်း ယခုနှစ် မိုးလေစောစွာ ကျရောက်ကြောင်းလည်း တာချီလိတ်မှ ရပ်မိရပ်ဖတဦးက ပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလဆန်း တုန်းကလည်း ထိုင်းနယ်စပ်တလျှောက် မြို့ရွာများ၌ မိုးသံ လေသံမကြားရဘဲ ရုတ်တရက် မိုးသီးခဲကြီးပြင်းထန်စွာရွာကျပြီး မိုးကြီးလေကြီးသက်ရောက်ရာ စိုက်ခင်းများ အိမ်ခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့ရဖူးသည်။

လိမ္မော်သီးအရွယ် မိုးသီးများ ( ဓါတ်ပုံ- facebook / ไตยขึน เชียงตุง )