မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။
“တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ် ” ဟု နမ့်ခမ်းဒေသခံ စျေးပတ် လိုက်ရောင်းနေသော စျေးသည် တစ်ဦး ပြော သည်။
သစ်များကို ကချင်ပြည်နယ် KIA တပ်မဟာ ၃ ဖြစ်သည့် အင်ပါပါမြို့နယ်ဘက်မှ တနေ့အစီး တစ်ရာ ကျော် သယ်ထုတ်နေကြောင်း၊ သို့သော် ကချင်ပြည်နယ် ထဲမှ သစ်များ မဟုတ် ကြကြောင်း ၊ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွိုင်စောဝ် အနီးရှိ သစ်များဖြစ်ကြ ကြောင်း သစ်တင်ကား မောင်း သမား တစ်ဦးကဆိုသည်။
“တရုတ်တွေ ကျနော်တို့ဘက်က သစ်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်နေတာကြောင့် ရာသီဥတု ဖောက် ပြန် မှုတွေ သိသိသာသာကြီး ဖြစ် ပေါ်နေတယ်၊ အခုဆောင်းရာသီလဲ အအေးချိန်လွန်ကဲတယ်၊ တဖက်ကလဲ နမ့်ခမ်းမြို့ ရပ်ရွာထဲက ရေတွင်းတွေခန်းခြောက်ကုန်တာ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်တို့အိမ်က ရေတွင်းက ရေစုပ်မော်တာ ၃ လုံးနဲ့စုပ်ပြီး စိတ်ကြိုက်သုံးလို့ရတယ်၊ အခုတော့ တလှည့်စီ စုပ်ပြီးရေကို ချွေတာသုံးနေရ တယ်” ဟု နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် လူငယ်စိုင်းခမ်းကပြောသည်။
တရုတ်ကုမ္မဏီများ သျှမ်းပြည် ကချင်ပြည်မှ သစ်ပင်များကို ခုတ်ယူရုံတင်မက အမြစ်ပါနုတ်ယူသွားပြီး ကျန်ရှိနေသည့် မြေဆီ ကိုလည်း ဘိလပ်မြေအိတ်ဖြင့် ထည့်ယူသွားကြကြောင်း ၊ တရုတ်နိုင်ငံ ဘက် ရွှေလီနှင့် ဂျယ်ကောင်မြို့ များ တွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေကြောင်း မြန်မာနိုင်ငံဘက် နမ့်ခမ်းမြို့တွင်မူ သစ်ပင်များမရှိတော့သလောက်ရှားပါး သွားကြောင်း ၄င်းကဆိုသည်။
တရားမဝင် တရုတ်သစ်တင်ကားများကို ဖမ်းဆီး ခြင်းမရှိသည့် အပြင် မြန်မာအစိုးရနှင့် KIO သက်ဆိုင် ရာအာဏာပိုင်များကလည်း အခွန်ကောက်ခံပြီး လွတ်လပ်စွာ စိတ်ကြိုက် သယ်ယူ ခုတ်ခွင့် ပေးနေ ကြောင်း သိရှိရသည်။