၀ဥ နှင့် ဂမုန်းစျေး အဆမတန် ကျဆင်း၊ တောင်သူများ အခက်ကြံု

၀ဥ နှင့် ဂမုန်းစျေး အဆမတန် ကျဆင်း၊ တောင်သူများ အခက်ကြံု
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းကစပြီး ၀ဥ နှင့် ဂမုန်းစျေး အဆမ တန်ကျဆင်းမှုကြောင့် ဒေသခံတောင်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်း လာကြောင်း သိရသည်။

ပလက်ဝမြို့ပေါ် နှင့် ကျေးလက်ဒေသတွင် နေထိုင်ကြသော ဒေသခံများသည် ၀ဥ နှင့် ဂမုန်း စိုက်ပျိုးရေး လုပ်ငန်းကို အသက်မွေး ၀မ်းကျောင်းအတွက် အဓိက မှီခို အားထား နေရသည်။

သို့သော် ယခုနှစ်ဆန်းပိုင်းကစပြီး ယခင်က ၀ဥ အခြောက် ၁ ပိသာလျင် ကျပ်ငွေ ၄၅၀၀ ခန့် ရှိရာမှ ၂၅၀၀ သို့ ကျဆင်းခဲ့သလို ဂမုန်း ၁ ပိသာ ကျပ်ငွေ ၃၀၀၀ ကနေ ၁၀၀၀ ခန့် အထိ ကျဆင်းသွားခဲ့သည်ဟု ပလက်ဝမြို့နယ်မှ ၀ဥ တောင်သူတဦး ကပြောသည်။

“အရင် စျေးကောင်းတုန်းကတော့ ကျနော်တို့ ၀ဥ နဲ့ ဂမုန်း ရောင်းရတဲ့ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေး အတွက် သိပ်မပူရဘူး၊ ဒါပေမယ့် ခုတော့ စျေးက အဆမတန် ကျဆင်း နေတော့ စားဖို့သောက်ဖို့နဲ့ ကလေးတွေကျောင်းစရိတ်တွေနဲ့ ဆိုတော့ အရင်တုန်းကလို မဟုတ်တော့ဘူး အတော်လေးကို ဒုက္ခရောက်ကုန်ကြတယ်’’ ဟု အဆိုပါ တောင်သူက ပြောသည်။

ဒေသခံများသည် မိမိတို့တောင်ယာတွင် စိုကပျိုးထားသော ၀ဥများကို ပြန်လည်တူးဖော်၍ အခြောက်လှမ်းပြီး နောက် ပလက်ဝမြို့ပေါ်ရှိ ကုန်သည်များထံ သွားရောက် ရောင်းချလေ့ ရှိသည်။

ယခုကဲ့သို့ ၀ဥ နှင့် ဂမုန်းစျေး အဆမတန်ကျဆင်းရသည့်အကြောင်းရင်းကို တောင်သူများ က မသိနားမလည် ဖြစ်နေကြပြီး ကုန်သည်များက စျေးကျရသည့်အခြေအနေကို ရှင်းပြ ခြင်းမရှိဘဲ ၎င်းတို့ပေးသည့် ပေါက်စျေးအတိုင်းသာ ရောင်းခဲ့ကြရသည် ဟု ၀ဥတောင်သူက ပြောသည်။

“ဘယ်လို စျေးကျတယ် ဆိုတာလည်း ကျနော်တို့ ဘယ်သူမှ ခန့်မှန်းလို့မရဘူး၊ ကျနော်တို့က စားဝတ်နေရေး အခက်အခဲရှိတော့ ရောင်းတာဘဲ ၂၅၀၀ ဆိုရင်လဲ၊ သူတို့က စျေးကျတယ်ဆိုရင် ကျနော်တို့က ခံရတာပဲ၊ စျေးကောင်းတယ်ဆိုရင် ကျနော်တို့က ခံစားရတယ်၊ အဲဒါဘဲ ဘယ်လိုဟာနဲ့ စျေးတက်တယ်၊ စျေးကျတယ်ဆိုတာ ကျနော် တို့ခန့်မှန်း လို့ကို မရတာ’’ ဟု သူကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနန်းဆိုက် ကိုယ်တိုင် ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ပလက်ဝမြို့နယ် ကျေးလက်ဒေသ တချိူ့သို့ သွားရောက် လေ့လာခဲ့ပြီး ဒေသခံများ၏ အခက်အခဲကို ပြည်နယ်အစိုးရထံ တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ချင်းတောင်တွင် ရှေးယခင်ကတည်းက ၀ဥကို မြေကြီးထဲမှတူးဖော်ပြီး ဟင်းလျာအဖြစ် ချက်ပြုတ် စားသုံးလေ့ရှိသည်။ နောက်ပိုင်းတွင် တရုတ်ကုန်သည်များက ၀ယ်ယူလာ ခြင်းကြောင့် စီးပွားရေးလုပ်ငန်း တခုအနေဖြင့် လုပ်ကိုင် လာကြခြင်းဖြစ်သည်။ ဂမုန်းမှာမူ တိုင်းရင်းဆေးအဖြစ် အသုံးဝင်သောကြောင့် စီးပွားဖြစ် စိုက်ပျိူးလာကြခြင်းဖြစ်ကြောင်း သိရသည်။

၀ဥ နှင့် ဂမုန်းစျေး အဆမတန် ကျဆင်းရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း တရုတ်နိုင်ငံဘက်မှ ၀ယ်ယူမှုရပ်တန့် သွားခြင်းကြောင့် ဒေသတွင်း ၀ယ်လိုအား လျော့နည်းမှုကြောင့် စျေး ကျလာရခြင်း ဖြစ်သည်ဟု သိရသည်။