အမျိုးသမီးအဆောင်မှူး၏ မတရားလုပ်ရပ် အထက်က လစ်လှူရှု

အမျိုးသမီးအဆောင်မှူး၏ မတရားလုပ်ရပ် အထက်က လစ်လှူရှု
by -
ခိုနူမ်းထုန်

မတူပီမြို့နယ် မားဒူ အလယ်တန်းကျောင်း အမျိုးသမီးအဆောင်မှူး ဒေါ်သင်းသင်းမာသည် အဆောင်နေ ကျောင်းသူများ အပေါ် မတရား ဆက်ဆံပြုမှုနေကြောင်း သိရသည်။

အဆောင်မှူးသည် ကျောင်းစည်းကမ်း သတ်မှတ်ချက်ကို ကျူးလွန်ပြီး အဆောင်ပရဝဏ် တွင် စျေးရောင်းခြင်း၊ အရက်၊ လောင်စာဆီများ ရောင်းချခြင်းများပြုလုပ်သည့် အပြင် မိမိဆိုင်ခန်း တွင်သာ လျှပ်စစ်မီး ထွန်းနေကြောင်း ပြောကြသည်။

“အဆောင်မှာ မီးမဖွင့်တဲ့အတွက် ကျောင်းသူတွေနဲ့ ပြသနာဖြစ်ခဲ့တယ်၊ အဲဒါကို အဆောင် ကနေ နှင်ထုတ်လိုက်တယ်” ဟု ကျောင်း သားမိဘ တဦးက ပြောသည်။

ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်တခုလုံး ကျောင်းတွင်းအတန်းတင် စာမေးပွဲများ ဖြေဆိုရတော့မည် ဖြစ်သော်လည်း ဇန္နဝါရီ ၉ ရက်နေ့ကတည်းက အနှင်ထုတ်ခံ ကျောင်းသူတွေဟာ ယနေ့အထိ အဆောင်ပြန်ဝင်ခွင့် မရသေးကြောင်း ဆက်ဆိုသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး မားဒူ ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးထံ တိုင်ကြားသော်လည်း သက်ဆိုင်ရာက လစ်လှူရှုထားကြောင်း ပြောသည်။

ကျတော်တို့ မြို့နယ်ပညာရေးမှူးထံ စာသွားတင်တော့ ခင်ဗျားတို့ ကျောင်းဆရာမကို လွန်ဆန်ရင် နောက်ထပ် ကျောင်းဆရာ နစ်နာသွားမယ်ဟု တုံ့ပြန်ကြောင်း ဒေသခံ တဦးက ပြောသည်။

“ပြဿနာကို မားဒူ လယ်အုပ် (အလယ်တန်းကျောင်းအုပ်) ကနေ ညှိနှိုင်းဖို့ ခေါ်တော့ ဒေါ်သင်းသင်းမာက ကလန်ကဆန်လုပ်ပြီး ရုံးထဲ ကနေ ပြန်ထွက် သွားတယ်” ဟု ကျောင်းသား မိဘ တဦးက ပြောဆိုသည်။

တိုင်စာ မိတ္တူကို ခရိုင်၊ ပြည်နယ်ပညာရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ပေးပို့ထားကြောင်း သိရသည်။