ဘိန်းဖြတ်ပေးမည်ဟု ဆင့်ခေါ်ခံရသောရွာသား ပစ်သတ်ခံရ

ဘိန်းဖြတ်ပေးမည်ဟု ဆင့်ခေါ်ခံရသောရွာသား ပစ်သတ်ခံရ
by -
သျှမ်းသံတော်ဆင့်

ဘိန်းဖြတ်ပေးမည်ဟု ဆင့်ခေါ်ပြီး  ပြည်သူ့စစ် လုပ်ခိုင်းသဖြင့် ထွက်ပြေးသော ဒေသခံရွာသားအား ဝမ့်ပန်ပြည်သူ့စစ် တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုသည်။

“ပြည်သူ့စစ်မလုပ်ချင်လို့ထွက်ပြေးတယ်။ မိသားစုပါပြန်ခေါ်မယ်လုပ်တော့ ပစ်သတ်လိုက်တယ်။ ကိုယ့်အချင်းချင်းဗျာ မလုပ်သင့်ပါဘူး” ဟု လဲချားမြို့နေ ဒေသခံတဦးကပြောသည်။

labour force

ဆေးစွဲသူများအား ဆေးဖြတ်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ခွဲထွက် တပ်မဟာ ရ၅၈ ဗိုလ်မှူးကြီးမိုင်းစင့် (ကွယ်လွန်) ၏ လက်ကျန်တပည့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ့်ပန်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင် စိုင်းထွဲ့က ဝမ့်ထီအုပ်စု အတွင်းရှိ ရွာ ၄ ရွာ မှ ရွာသားများအား ယမန်နှစ်ဩဂတ်စ်လက ဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။

သို့သော် ရွာသားများအား ဆေးမဖြတ်ပေးသည့်အပြင် ပြည်သူ့စစ်လုပ်ခိုင်းကာ သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်ရှိ ယခင် MTA ဟောင်း မကျိုင်းဒေသ ဖွံ့ဖြိုးရေးတပ်ဖွဲ့ထံပစ္စည်းများ ပို့ဆောင်ခိုင်းကြောင်း ထို့ကြောင့် ဒေသခံများ ထိုင်းသို့ထွက်ပြေး ခဲ့ကြ ကြောင်း အဆိုပါ လဲချားဒေသခံက ဆက်လက်ပြောဆိုသည်။

“လဲချားမြို့နယ် ဝမ့်ထီအုပ်စု ဟိုနမ့်ရွာ၊ နောင်ဟေးရွာ၊ ဆလိုင်းရွာ နဲ့ ဝမ့်ကတ်ရွာ ၄ ရွာ က ရွာသား ၁၂ ယောက်ပေါ့။ ဝမ့်ပန်ကိုရောက်တယ်။ အဲ့ထဲမှာ ဝမ်ကတ်ရွာက စိုင်းမြင့် အသက် ၃၀ လဲပါတယ်။ သူ့မှာ ကလေး ၃ ယောက်ရှိတယ်။ ပစ္စည်းပို့ရင်း တိုက်ပွဲဖြစ်လို့သေရင် အလကားသေရမှာ ဆိုတော့  စက်တင်ဘာလထဲမှာ သူလဲ ထိုင်းကိုထွက်ပြေးတာပေါ့။ ထိုင်းမှာ ၃ လ လောက်နေတော့ အခုလ ရ ရက်က သူ့မိသားစုကို စိတ်ပူလို့ ပြန်ခေါ်ဖို့ လဲချားပြန်သွားတာ ပစ်သတ်ခံရတာ” ဟု သေဆုံးသူနှင့် အမျိုးတော်စပ်သူတဦးက ပြောသည်။

လဲချားပြန်ရောက်သော် ရွာထဲမဝင်ရဲဘဲ ၎င်း၏ဇနီး ပစ္စည်းသိမ်းဆည်း ပြင်ဆင်မှုကို ရွာပြင်တောစပ်၌  ၃ ည အိပ် စောင့် ရကြောင်း၊ ၄ ရက်မြောက်နေ့ဖြစ်သော ယခုလ ၁၁ ရက် က ဆလိုင်းရွာ အနောက်ဘက် ကိုက် ၃၀၀ အကွာတွင်  ပစ်သတ် ခံရကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ဂျန္နဝါရီလ ၁၁ ရက်မနက်ပိုင်း ထမင်းပို့ရန်သွားရာ စိုင်းမြင့်အား လည်ပင်း၌ ပစ်သတ်ထားသည်ကိုဇနီးဖြစ် သူကတွေ့ ရှိသည်ဟု အဆိုပါ အမျိုးကဆက်လက်ပြောပြသည်။

စိုင်းမြင့် သေဆုံးမှုအား သတင်းမပေါက်ကြားစေရ၊ သိရှိပါက အဆိုပါသတင်းပေါက်ကြားစေသူအား ပစ်သတ်မည်ဟုလည်း စိုင်းထွဲ့မှ ၎င်းတပည့်များအားအမိန့်ထုတ်ထားကြောင်း အမည်မဖေါ်လိုသည့် ပြည်သူ့စစ်တဦးက ပြောပြပါသည်။

ခေါင်းဆောင်ဖြစ်သူ စိုင်းထွဲ့အား သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်ရယူရန် ကြိုးစားဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

၂၀၀၅ က သျှမ်းမျိုးချစ် ပုဂ္ဂိုလ်တစုက စစ်အစိုးရအား လွတ်လပ်ရေးကြေငြာပြီးနောက်ပိုင်း သျှမ်းပြည် တပ်မတော် SSA-S ၏ တပ်မဟာ ရ၅၈  ဗိုလ်မှူးကြီး မိုင်းစင့်နှင့်အဖွဲ့လည်း ခွဲထွက်ကာအဆိုပါမျိုးချစ် ပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းခဲ့သည်။ ထိုသို့ ပူး ပေါင်းခဲ့ပြီးတနှစ်ခန့်အကြာ ဗိုလ်မှူးကြီးမိုင်းစင့်မှာ အစိုးရထံ လက်နက်ချကာ ပြည်သူ့စစ်အဖြစ် လဲချားမြို့နယ် နမ့်ဟူးဖရား ထမ့်၌ အခြေချနေထိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်မေလ ၂၄ ရက်က အစိုးရ၏ စစ်ယာဉ်တန်းအား သျှမ်းပြည်တပ်မတော်မှ ခြုံခို တိုက်ခိုက်သဖြင့် ဗိုလ်မှူးကြီးမိုင်းစင့် ကွယ်လွန်ပြီးနောက်ပိုင်း လက်ကျန်တပည့် ဖြစ်သော စိုင်းတမှာ နမ့်ဟူးဖရားထမ့် တပ်စခန်း၌လည်းကောင်း၊ စိုင်းကာလိန်ထွဲ့မှာ ဝမ့်ပန် တပ်စခန်း၌လည်းကောင်း  ဌာနေပြည်သူ့စစ် အသွင်ဖြင့် ရပ်တည်နေထိုင်ခဲ့သည်။