ရန်ကုန်-မြိတ် အမြန်ရေယာဉ် စတင်ပြေးဆွဲပြီ

ရန်ကုန်-မြိတ် အမြန်ရေယာဉ် စတင်ပြေးဆွဲပြီ
by -
မွန်အေဂျင်စီ

ရန်ကုန်- မြိတ် အမြန်ရေယာဉ် ခရီးစဉ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ဖြန်တွင် ပထမဆုံး စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Fortune Express အထူးအမြန် ရေယာဉ်လုပ်ငန်းရှင် ဦးကျောက်စိမ်းက ပြောကြားသည်။

ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်ကို ရပ်နားထားသည့် ရေယာဉ်များ ဆင်ဖြူပြင်ဆိပ်ကမ်းတွင် တွေ့ရပုံ

လက်ရှိတွင် ရန်ကုန် – မြိတ် ခရီးစဉ်ကို Fortune Express ကမ်းရိုးတမ်း အထူး အမြန်ရေယာဉ်တစ် စင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်ရရှိမှု အပေါ် မူတည်၍ ထပ်မံတိုးချဲ့သွားမည်ဟု ၎င်းက ဆိုသည်။

ဦးကျောက်စိမ်းက “ဒီခရီးစဉ်ကို မနက်ဖြန်ကျရင် ကျနော်တို့ စတင်ပြေးဆွဲတော့မယ်၊ နောက်ပိုင်း အဆင်ပြေရင်တော့ ရန်ကုန် – ထားဝယ်- မြိတ်- ကော့သောင်း ခရီးစဉ်ကို တိုးချဲ့ သွားမယ်” ဟု ပြောသည်။

ယင်းခရီးစဉ်ကို ရက်ခြားပြေးဆွဲမည်ဖြစ်ပြီး စီးနင်းခ လူကြီး လေးသောင်းကျပ်၊ ၅ နှစ်မှ ၁၂ ကြား ကလေးတစ်ဦး စီးနင်းခ နှစ်သောင်းကျပ်၊ ၅ နှစ်အောက် ကလေး အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ယင်း အမြန်ရေယာဉ်လိုင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်ကုန်မြို့တော် ဗိုလ်တထောင်ဆိပ်ကမ်းမှ မနက်ပိုင်းတွင် ထွက်မည်ဖြစ်၍ မောင်းနှင်ချိန် ၁၀ နာရီ ခန့်ကြာမြင့်ပြီး ခရီးသည်များကို နေ့လည်စာ ကျွေးမည် ဖြစ်ကြောင်းလည်း ယင်းရေယာဉ်လိုင်းက ဆိုသည်။

ရန်ကုန် – မြိတ် အမြန်ရေယာဉ် ခရီးစဉ်သည် အသက် ၁၂ နှစ်အထက် ခရီးသွားများအတွက် ကားလမ်းခရီးထက် ယာဉ်စီးခ နှစ်ဆခန့် ပိုကုန်ကျမည်ဖြစ်ပြီး လေကြောင်းခရီးထက် ထက်ဝက်ခန့် သက်သာမည်ဖြစ်သည်။

“အမြဲ ဆွဲနိုင်ဖို့ပဲ လိုတယ်။ နောက်ပိုင်း မိုးရွာလို့ ဘာလို့ ဆိုပြီး ပျောက်ပျောက်သွားတတ်လို့” ဟု မြိတ် ဒေသခံ ဦးဥက္ကာ က ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ရာသီဥတုကြောင့်ဟုဆိုကာ ထားဝယ် – မြိတ် – ကော့သောင်း အမြန်ရေယာဉ်ခရီး စဉ်များအား လေးလကျော် ရပ်နားခဲ့ရသည်။

သဘာဝ ဘေးအန္တရာယ်နှင့် ကြုံရနိုင်သည်ဟု ဆိုကာ ရပ်နားထားခိုင်းခြင်းဖြစ်ပြီး ယခင်နှစ်များက လေတိုက်နှုန်း တစ်နာရီ မိုင် (၄၀) အထိ ပြေးဆွဲခွင့်ရခဲ့သော်လည်း ယခုနှစ်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင် ရှိပါက ရေယာဉ်ပြေးဆွဲမှုများ ရပ်နားခဲ့ရသည်။

လက်ရှိတွင် ထားဝယ်-မြိတ်-ကော့သောင်း ဟိုင်ဖိုင်၊ Fortune နှင့် ဧရာနဒီ အမြန်ရေယာဉ်လိုင်း သုံးလိုင်းမှ အစီးရေ ၁၂ စီးဖြင့် ပြေးဆွဲလျှက်ရှိပြီး ရန်ကုန် – မြိတ် ခရီးစဉ်ကို ယခုအချိန်မှ စတင်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

မောင်းမကန် ကမ်းခြေနှင့် ကပ်ရက်တွင်တည်ရှိသည့် အီတာလျှံထိုင်းမှ တည်ဆောက်ထားသော ပန်းတင်အင်း ဆိပ်ကမ်းကို အဝင်အထွက် ပြုလုပ်နိုင်လျှင် ထားဝယ်ခရီးစဉ်ကို စတင်ရခြင်းဖြစ်ကြောင်း Fortune Express အမြန်ရေယာဉ်လိုင်း တာဝန်ခံ ဦးကျော်ဦးက ဆိုသည်။

ရန်ကုန်- မြိတ် ခရီးစဉ်အတွက် ပြေးဆွဲမည့် ရေယာဉ်သည် ခရီးသည် ၃၅၀ ခန့် ဆန့်သည်။

Most read this week