ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်ကြာ ကိုရီးယား ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံ၏ သမ္မတသစ် ဖြစ်လာမည့် မစ္စပက်ဂျံုဟေး Ms. Park Geun-hye နှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။
ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဆိုးလ်မြို့ရှိ မြန်မာပြည်သားများက လာရောက်ကြိုဆိုနေကြသည်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ - Joint Committee For Daw Aung San Suu Kyi's Trip in Korea / Facebook) ခရီးစဉ်အတွင်း အထူးအိုလံပစ်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကာ ပထမဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာမည့် မစ္စပက်ဂျံုဟေးနှင့်လည်း တွေ့ဆုံမည်။
ဖေဖော်ဝါရီလတွင် ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတအဖြစ် စတင် တာဝန်ထမ်း ဆောင်မည့် အသက် ၆၀ အရွယ်ရှိ ပက်ဂျံုဟေးနှင့် ဆိုးလ်မြို့တော်တွင် တွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံမှုတခုအဖြစ် The Korea Herald က ရေးသားထားသည်။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်က လုပ်ကြံခံခဲ့ရသလို ပက်ဂျံုဟေး၏ ဖခင် ထိုစဉ်က ကိုရီးယား သမ္မတ ပက်ချံုဟီး သည်လည်း ၁၉၇၉ ခုနှစ်က လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ ဖြစ်သည်။
ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ 'မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း' မှ လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျခံရစဉ်က ချီးမြှင့်ခံထားရပြီးဖြစ်သည်။
ထိုဖောင်ဒေးရှင်းမှာ ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ ကိုရီးယားလူထု၏ ဒီမိုကရေစီရရှိရေး အုံကြွမှုကြီးတွင် အာဏာရှင် ချန်ဒူးဝှန်၏ စစ်တပ်မှ အကြမ်းဖက် နှိမ်နင်းမှုကြောင့် လူ ၂,၀၀၀ ခန့် သေဆုံးခဲ့ရသည်ကို အထိမ်းအမှတ်ပြု၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှ တနင်္လာနေ့တွင် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်သည်ပြံုချွမ်းမြို့ တောင်တန်းဒေသတွင် ကျင်းပမည့် အထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်သည်။
လက်ရှိ ကိုရီးယား သမ္မတ လီမြောင်ဘက် ၂၀၁၂ ခုနှစ်၊ မေလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်လည်း အောက်တိုဘာလအတွင်း ကိုရီးယားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။
နှစ်နိုင်ငံ သမ္မတများ အောက်တိုဘာလက တွေ့ဆုံစဉ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှှု မြှင့်တင်ရန်နှင့် ဓါတ်ငွေ့
လုပ်ငန်းနှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံနေကြသည့် နိုင်ငံများထဲတွင် တောင်ကိုရီးယား နိုင်ငံလည်း ပါဝင်သည်။ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင်လည်း များစွာ ရင်းနှီးမြှုပ်နှံထားပြီး သဘာဝ အရင်းအမြစ် စူးစမ်းရှာဖွေရေး၊ သတ္ထုတွင်း၊ စွမ်းအင် သန့်စင်ရေး၊ သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်သည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တခု တည်ဆောက်ရေး၊ နည်းပညာ ကဏ္ဍနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍများတွင် ပါဝင် လုပ်ဆောင်နေသည်။
တောင်ကိုရီးယား စီးပွါးရေး လုပ်ငန်းများသည် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် ၅၀၀ မီဂါဝပ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတရုံ နှင့် လျှပ်စစ် ဖြန့်ဖြူးရေး ကွန်ယက်ကို ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံအတွင်း စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ဇူလိုင်လ အထိ အမေရိကန် ဒေါ်လာ ၂.၉၅၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှှု ပမာဏသည် စုစုပေါင်း စီမံကိန်း ၁၁၃ ခုတွင် အမေရိကန် ဒေါ်လာ ၁၄.၁၈၁ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။