မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အပိုင်ရှိ ၀မ်းစကင်း ကျေးရွာတွင် ယမန်နေ့ညက အာဝါဒေ (စုပေါင်းလောင်း ကစားပွဲ) ကျင်းပရာသို့ အမည်မသိ သေနတ်သမားတစ်စု ၀င်ရောက်လာပြီး လောင်းကစားဝိုင်းများမှ ငွေကြေးများကို လုယက်ယူငင်သွားခဲ့သည်။
ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြဝတီမြို့ခံတစ်ဦးက “အာဝါဒေးမှာ ဇာတ်ပွဲမကခင် ည ၉ နာရီခွဲကျော်ကျော် ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ် စီး ၀င်လာပြီး ကစားဝိုင်းတွေက ငွေတွေအကုန်လုံး သိမ်းယူသွားတယ်။ ၀င်လာ တာနဲ့ အကုန်ခေါင်းငုံ့။ တယောက်မှ မော်မကြည့် နဲ့။ အကုန်ပစ်ထည့်လိုက်မယ်လို့ ပြောတယ်။ အဖြစ်အပျက် က ၅ မိနစ်ကျော်လောက်ပဲ သိပ်မကြာဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
အာဝါဒေးပွဲကို မွန်ငြိမ်းချမ်းရေးအဖွဲ့မှ ပြုလုပ်သည်ဟု ခေါင်းစဉ်တပ်ထားကာ နယ်ခြားစောင့်တပ်များက လုံခြံုရေးအဖြစ် တာဝန်ယူထားသော်လည်း ၎င်းအမည်မသိအဖွဲ့များ ရုတ်တရက် ၀င်ရောက်လာပြီး ခြိမ်းခြောက်ပြောဆို လုယူသဖြင့် လုံခြံုရေး ယူထားသူများလည်း ထွက်ပြေးသွားကြသည်ဟု မြင်တွေ့သူ များက ပြောဆိုသည်။
ဇန်နဝါရီလအတွင်း ၀မ်းစကင်းရွာတွင် အာဝါဒေးပွဲကို တစ်ရက်ခြားခန့် ပြုလုပ်ကျင်းပခဲ့သလို ဇာတ်ပွဲကိုလည်း ဟန်ပြအဖြစ် တစ်ည ကျပ် ၄ သိန်းဖြင့် ငှားထားသည်ဟု သိရသည်။
အဆိုပါ လောင်းကစားဝိုင်းများမှ ငွေလုယူသွားသူများမှာ ရဲ၊ အကောက်ခွန်၊ စစ်တပ် စသည့်အဖွဲ့စုံမှ ဖြစ်သည်ဟု ပွဲလာသူများက ခန့်မှန်းပြောဆိုနေကြသည်။ သို့သော် မြဝတီမြို့နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းသာ ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ယခုလို ပြောသည်။
“အမှန်တော့ အာဝါဒေးပွဲဟာ တရားမဝင်ဘူးလေ။ ဒီမြို့မှာက လက်နက်ကိုင်အဖွဲ့တွေက များတော့ အခုဖြစ်တာလည်း သူတို့ အချင်းချင်း ဖြစ်တာဖြစ်မှာပါ” ဟု ၎င်းရဲအရာရှိက ကေအိုင်စီသို့ ပြောသည်။