ကျောက်တော် ဆန်စက်လှေ လုမှု သံသယရှိသူ (၃) ဦးဖမ်းဆီးခံရ

ကျောက်တော် ဆန်စက်လှေ လုမှု သံသယရှိသူ (၃) ဦးဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်အတွင်း ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေ တစ်စီးမှ ဆန်လုသူများဟု သံသယ ဖြစ်ခံရသူ (၃) ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ကျောက်တော် ဆိပ်ကမ်း တစ်နေရာ ။ (ဓါတ်ပုံ- နိရဥ္စရာ)

“အခု သတင်းရတာက ပိုက်သည်ရွာက မွတ်ဆလင် (၃) ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ နာမည်တွေတော့ မရပါဘူး။ ဆက်လက် စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

သူတို့အား ယမန်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ကျောက်တော် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဆိုသည်။

အဆိုပါ ဆန်စက်လှေသည် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှာ ကျောက်တော်မြို့သို့ ဆန်အိတ် ၄၉ အိတ်ကို တင်ဆောင်၍ မောင်းနှင် လာစဉ် ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အလုခံခဲ့ရသည်ဟု ပိုင်ရှင် သမီးဖြစ်သူက နိရဥ္စရာကို ပြောသည်။

“ဒီကနေက စက်လှေက ညနေ ၅ နာရီခန့်မှာ ထွက်သွားပါတယ်။ စက်လှေပေါ်မှာ စက်ဆရာတစ်ဦးတည်းဘဲ ပါသွားပါတယ်။ ည  ၆ နာရီခန့်မှာ ပိုက်သည် မွတ်ဆလင်ရွာ တည့်တည့် ဂစ္ဆနဒီ  တံတား အနီးကို ရောက်စဉ်မှာ စက်လှေက ပိုက်တွေနဲ့ ငြိသွားတယ်လို့ သိရပါတယ်။ စက်လှေက ငြိနေတဲ့ ၀င်ရိုးကို ဖြုတ်နေစဉ်မှာ ပိုက်သည်ရွာက မွတ်ဆလင် ၂၅ ဦးခန့်လိုက်လာတဲ့ အတွက် စက်ဆရာက ရေကူးပြီး ထွက်ပြေးလာရတယ်။ စက်လှေက သူတို့လက်ထဲကို ပါသွားပါတယ်” ဟု ပြောသည်။

ဆန်များကို အပေါက်ဝ ကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုစိန်တို့ပိုင်ဆိုင်သည်ဟု သိရသည်။ အလုခံရသော စက်လှေအား နောက်တစ်နေ့တွင် ကုလားတန်မြစ်ထဲမှ ရှာဖွေ တွေ့ရှိခဲ့သော်လည်း စက်လှေထဲတွင် ဆန်အိတ်များ တစ်အိတ်မှ မရှိတော့ကြောင်း သိရသည်။

“ကျွန်မ အမေက သတင်းရတာနဲ့ ရဲစခန်းကို သွားရောက်တိုင်ကြားပါတယ်။ အခုအချိန်ထိ ပိုက်သည်ရွာက ဆန်အိတ် ၁၁ အိ်တ်ကို ပြန်ရတယ်။ ကျန်တဲ့ ဆန်အိတ်ကိုတော့ မရသေးဘူး။ လူတော့ (၃) ဦးကိုဖမ်းထား တယ်လို့ ပြောပါတယ်။ ရဲက အမူမှန်ကို ဖေါ်ထုတ်ပေးမယ်လို့ ပြောပါတယ်” ဟု သူမက ဆိုသည်။

အခြေအနေတည်ငြိမ်နေသဖြင့် စက်ဆရာ တစ်ဦးတည်းဖြင့် သွားရောက် ဆန်ပို့စဉ် ယခုကဲ့သို့ လုယက်ခံရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ကျောက်တော်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ တုန့်ပြန် ဖြေကြားမူ မရှိဘဲ ဖုံးချသွားခဲ့သည်။

Most read this week