သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် သျှမ်းပါတီ ၂ ခု၏ အားနည်းချက်ကိုပါ ထည့်သွင်းထောက်ပြ ပြောဆိုနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆိုသည်။
“ကျနော်တို့ရွာရောက်တုန်းက - ခင်ဗျားတို့သျှမ်းပါတီက ၂ ပါတီဖြစ်နေတယ်။ ဒီကြားထဲမတည့် ဘူး ဖြစ်နေသေး တယ်။ ခင်ဗျားတို့ကို ဘယ်လိုဦးဆောင်မလဲ။ စဉ်းစားမနေနဲ့ ခင်ဗျားတို့ကို တကယ်ဦးဆောင် ဦးရွက် လုပ်ပေးမယ့် ခင်ဗျားတို့အကျိုးကို တကယ်လုပ်ပေးမယ့် ကျနော်တို့ ပါတီကိုထောက်ခံကြတော့။ လူအင်အားများမှ ဒီမိုကရေစီဖော်ဆောင်နိုင်မယ် - လို့ပြော တယ်ဗျာ။ ကျနော်ဆိုရှက်သလားမမေးနဲ့” - ဟု မန်စံအုပ်စုဒေသခံ စိုင်းခေးကပြောသည်။
နမ္မတူမြို့နယ် မန်စံအုပ်စုရှိ မိုင်းမု၊ ကောင်းဟုန်း၊ လုံမိတ်၊ မန်မိုင်၊ ဆန်ခါ၊ နောင်ငင်း၊ နမ့်ဆီလင်း၊ ပန်ဟက်၊ ပန်လုံ၊ ပန်ဆပေ၊ ဝမ့်လီတို့ဘက်၌ NLD ပါတီမှ မဲဆွယ်စည်းရုံးနေကြောင်း၊ ပလောင်ရွာသား အများစုမှာ ၎င်းတို့အား ထောက်ခံကြကြောင်း အချို့ရွာသားများအားလည်း လက်ဆွဲကာ ပါတီဝင်ခိုင်းစေကြောင်း ရပ်ရွာအုပ်ချုပ်ရေးမှူးတဦးက ပြောသည်။
အလားတူ ဒေသခံ တဦးဖြစ်သူ စိုင်းညွန့်က “လက်ဆွဲ ဘာဆွဲဆိုတော့ တချို့ကလဲအားနာနာနဲ့ ဝင်တာတွေရှိ တယ်ပေါ့ဗျာ။ ပန်ဟက်ရွာမှာဆိုရင် တချို့က စဉ်းစား ဦးမယ်လို့ပြောတော့ မရဘူးတဲ့ ဓါတ်ပုံအတင်းရိုက်ခိုင်း ပါတီဝင်ဖြည့်ခိုင်း အဲလိုမျိုးတွေရှိတယ်တဲ့။ ကျနော့်သူငယ်ချင်း ပြောပြတာ” - ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လိုက်လံစည်းရုံးနေသော အဖွဲ့ခေါင်းဆောင် မှာ နမ္မတူမှ စိုင်းခမ်းလိုင် ဆိုသူဖြစ်ကြောင်း၊ ၎င်းအဖွဲ့တွင် ဗမာ ၃ ယောက်နှင့် သျှမ်း ၃ ယောက် စုစုပေါင်း ၆ ယောက်ရှိကြောင်း ရွာသားများကဆိုသည်။
“ဒီအပတ်ထဲမှာဘဲ ကျနော်တို့နေတဲ့ဘက်ကို သူတို့အဖွဲ့ စည်းရုံးရေး စဆင်းတယ်။ သူတို့ရဲ့ခေါင်းဆောင်က ဦးခမ်းလိုင်တဲ့။ နမ္မတူကဘဲလို့ပြောတယ်။ မန်စံအုပ်စုထဲမှာ တအိမ်တက်ဆင်းလိုက်ပြီး စည်းရုံးနေတယ်။ ပလောင်ရွာတွေတော့ ရွာလုံးကျွတ် ရွာလုံးကျွတ် NLD ပါတီထဲဝင်နေကြပြီ” ဟု မန်စံဒေသခံတဦးကပြောသည်။
နိုဝင်ဘာလကုန်က ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ညီလာခံ၌ ရှမ်းပြည်သားများအား စစ်တမ်းကောက်ယူခဲ့ရာ သျှမ်းပါတီသုံးခု ပြန်လည် ပူးပေါင်းရေး မပူးပေါင်းရေးအတွက် - ပူးပေါင်းသင့်ဟူသည့် အဖြေ ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကျားဖြူပါတီ၏ ဂျန္နဝါရီလဆန်း နှစ်ပတ်လည်အစည်းအဝေး၌လည်း - သျှမ်းတိုင်းရင်းသား မျိုးနွယ်စုများအားလုံး တောင့်တလျက်ရှိသည့် ညီညွတ်သော သျှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ United Shan Political Parties ပေါ်ပေါက်လာ ရေးကို အလေး အနက်အဆိုပြု ထောက်ခံသည် ဟူသည့်ကြေငြာ ချက်ထုတ်ပြန်ခဲ့သည်။