ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
(ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦး နှင့် အင်တာဗျူး)
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
သို့သော် လက်ရှိခေါင်းဆောင်အချို့နှင့် ဗိုလ်ချုပ်မှူးကြီးက အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်ဟု ဆိုသည်။
ပါတီတွင်း အာဏာထက်သူတဦး ဖြစ်သော ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကို ကချင်စစ်ပွဲနှင့် ငြိမ်းချမ်းရေး အပေါ် ၎င်းနှင့် ကြံ့ခိုင်ရေးပါတီ၊ ဗိုလ်ချုပ်မှူးကြီးတို့၏ သဘောထားများ သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းထားခြင်းဖြစ်သည်။
ဗိုလ်ချူပ်မှူးကြီးနဲ့ တွေ့လေ့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ကချင်ဒေသစစ်ပွဲအပေါ် ဗိုလ်ချူပ်မှူးကြီး ဘယ်လို သုံးသပ်ပါလဲရှင်။
ဟုတ်ပါတယ်။ တွေ့လေ့ရှိပါတယ်။ ကချင်စစ်ပွဲတွေနဲ့ ပတ်သက်လို့ သူလည်း သဘောမကျဘူးပေါ့။ သူလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တာပေါ့။ သူ နိုင်ငံတော်ကို တာဝန်ယူတဲ့အချိန်တုန်းကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တာပဲလေ။ ကျိန်းသေပါတယ်။ စိတ်ရင်း စေတနာအမှန်နဲ့ကို ဒီအတိုင်း ရှိပါတယ်။
ဦးဌေးဦး အနေနဲ့ကော ဒီစစ်ပွဲတွေအပေါ် ဘယ်လို သုံးသပ်ပါသလဲရှင်။
ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်တယ် ဆိုရင်တော့ လက်ရှိ နိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ် နောက်ပြီး ကချင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေရယ် ညှိနှို်င်းမှုတွေ လုပ်ရမှာပေါ့။ အဓိကတော့ အားလုံး စိတ်ရင်း စေတနာအမှန်နဲ့ ငြိမ်းချမ်းရေးကို လိုလားရမယ်။ နောက်တခါ ကျနော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ နောက်နိုင်ငံတော်မှာကတော့ ဖွဲ့စည်းပုံ အခြေခံဥပေဒေပေါ့။ ဒီမူဘောင်ထဲက နေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။
ပါတီကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးဌေးဦး အနေနဲ့ KIO နဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ရာမှာ ပါဝင်ခဲ့ဖူးတာ မရှိတာက ထူးဆန်းနေတယ်လို့ ထင်မိပါတယ်။ အနိမ့်ဆုံး KIO ထိန်းချူပ်ရာ ဒေသကို သွားရောက် ကြည့်ရှုတာမျိူး မရှိခဲ့ပါဘူး။
ကျနော်တို့ပါတီက ပါတီဝင်တွေ ပါတယ်ဆိုရင် ပါတာပါပဲ။ နောက်တခါ ကျနော်တို့ကို ထောက်ခံသော ပြည်သူတွေ ပါတယ်ဆိုရင် ပါတာပါပဲ။ ကျနော်တို့ပါတီအနေနဲ့ တိုက်ရိုက် နာမည် ဖော်ပြတာ မရှိသော်လည်း ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကိုယ်တိုင်က ငြိမ်းချမ်းရေးမှာ နိုင်ငံတော်က ဖွဲ့စည်းတဲ့အထဲမှာ ဒုတိယ ဥက္ကဋ္ဌအနေနဲ့လည်း ပါဝင်တယ်။ လွှတ်တော်ထဲမှာလည်း ငြိမ်းချမ်းရေးအဖွဲ့မှာ သူက ဥက္ကဋ္ဌပါပဲ။ နောက်တခုကလည်း ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့လည်း ဝင်ပြီး ဆောင်ရွက်ပေးတယ်။ အခုလည်းဆောင်ရွက်နေကြပါတယ်။ သို့သော်လည်း ကျနော်တို့ ကိုယ်တိုင် လုပ်တာထက်စာရင်တော့ ဦးသိန်းဇော်က ကချင်ပြည်နယ်နဲ့ ပိုပြီးနီးစပ်ပါတယ်။ သူက ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်ပါတယ်။ ဗန်းမော်သားလည်း ဖြစ်ပါတယ်။ သူက ပိုပြီး သင့်တော်ပါတယ်။ ဆိုလိုတာက ပါတီဆိုတာ အမည်မခံသော်လည်း ကျနော်တို့ ပါတီဝင်တွေက ဝင်ပြီး ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။
ကချင်ဒေသနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ထားတာ ဘာများရှိပါသလဲရှင်။
ကချင်ဒေသနဲ့ ပတ်သက်ပြီးတော့ တည်ငြိမ် အေးချမ်းမှု အရင်ဆုံး ရအောင်ဆိုပြီး လွှတ်တော်မှာလည်း အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်ဆိုတာကို အားလုံး ဝိုင်းထောက်ခံပါတယ်။ အဲဒီမှာလည်း ကျနော်တို့ပါတီဝင် ကိုယ်စားလှယ်တွေ များပါတယ်။ ကျန်တဲ့ ပါတီဝင်တွေလည်း အကုန် ထောက်ခံကြပါတယ်။ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အပစ်အခတ်တွေ မရှိရင် ကောင်းတာပေါ့ဗျာ။ ကျန်တဲ့ အကြောင်းအရင်းတွေလည်း ရှိနိုင်တာပေါ့။ သို့သော်လည်း ဒါတွေက ညှိနှိုင်းပြီးတော့မှ အပစ်အခတ် ရပ်စဲရင် ကောင်းမယ်ဆိုတာ ကျနော်တို့သဘော ဒီအတိုင်းပဲရှိပါတယ်။ အခု နိုင်ငံတော်ကလည်း အပစ်အခတ် ရပ်စဲပြီဆိုတာ ထုတ်ပြန်တာ တွေ့ရပါတယ်။ ဝမ်းသာပါတယ်။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရသူ သွားရောက် တွေ့ဆုံလေ့ရှိသူတွေက ဘယ်သူတွေများလဲ သိပါ သလားရှင်။
ကျနော် မသိပါဘူး။ ကျနော်ကတော့ အခါအားလျော်စွာ တွေ့တာပါ။ ပုံမှန်သဘောမျိုး မဟုတ်ပါဘူး။ သူလည်း တွေ့ခွင့်ပေးနိုင်တဲ့ အချိန်မျိုးမှာ သွားပြီး တွေ့တာပါ။ မိသားစုလို တွေ့တာပါ။ အလုပ်သဘော မဟုတ်ပါဘူး။
ဗိုလ်ချူပ်မှူးကြီးက ပါတီခေါင်းဆောင်ကို ပါတီကိစ္စ၊ အစိုးရအဖွဲ့ဝင်ကို အစိုးရကိစ္စ၊ တပ်မတော်ကိစ္စ ဆိုရင် တပ်မတော် ခေါင်းဆောင်အနေနဲ့ ခွဲတွေ့လေ့ရှိတယ်နဲ့ တူပါတယ်။ ဟုတ်ပါသလားရှင်။
ကျနော် သိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးက ဒီစနစ်ကို ရောက်အောင် သူ ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီစနစ်ကိုရောက်အောင်လည်း သူ ကြိုးစားပေးခဲ့တယ်။ လက်ရှိတာဝန်ယူနေတဲ့ သူတွေကို ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရသစ် ပေါ်လာတယ်။ လွှတ်တော်တွေလည်း ပေါ်လာပြီ။ အဲဒီ အချိန်ကစလို့ အားလုံးကို လွှဲပေးလိုက်တဲ့သဘောပါပဲ။ ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် က သမ္မတလုပ်ချင်တယ်လို့ ပြောထားပြီးပြီ။ ဦးဌေးဦးအနေနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး
ခေါင်းဆောင် အနေနဲ့ သမ္မတရာထူး မျှော်မှန်းထားတာ ရှိပါသလား။
ကျနော်ကတော့ လက်ရှိအနေထားအထိတော့ မရှိပါဘူး။ လက်ရှိအနေနဲ့ကတော့ ဆောင်ရွက်နေရတဲ့ လူတွေကို အကျိုးရှိအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေရတာလေးကိုပဲ ဝမ်းသာပါတယ်။
ကျနော့်အနေနဲ့ကတော့ နေရာတွေထက်စာရင် ကိုယ်လုပ်ဆောင်မှုကိုပဲ အလေးထားပါတယ်။ နေရာတွေ ရှိပေမယ့်လည်း လုပ်ပေးချင်မှ လုပ်နိုင်တာပေါ့။ နောက်တခါ အခုအခြေအနေမျိုးက ပိုလွတ်လပ်တာပေါ့။
ပြည်သူကြားထဲလည်း လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ပြည်သူတွေနဲ့လည်း အတူတကွ လွတ်လွတ်လပ်လပ်ပြောလို့ဆိုလို့ ဆွေးနွေးလို့ရတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပိုပြီး သဘောကျစရာ ကောင်းတယ်လို့ ကျနော် မြင်ပါတယ်။
၂၀၁၅ ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ အလှည့်အပြောင်း ဖြစ်မယ်ထင်ပါသလား။
နိုင်ငံရေးဆိုတာက နိုင်ငံနဲ့ ပြည်သူပြည်သားတွေရဲ့ ကောင်းရာ ကောင်းကျိုးအတွက်ဆောင်ရွက်တယ်ဆို တဲ့နေရာမှာ အချိန်တွေ၊ ကာလတွေ သတ်မှတ်ချက် မရှိပါဘူး။ အမြဲတမ်း လုပ်နေရမှာပါပဲ။ အခုလည်း အရေးကြီးပါတယ်။ နောင်လည်း အရေးကြီးမှာပါပဲ။ ဒီလိုပဲ ကျနော် မြင်ပါတယ်။ အချိန်တိုင်းက လုပ်နေရမှာပါပဲ။ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အချိန်တိုင်း အရေးကြီးတယ်လို့ ကျနော် ပြောချင်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီအနေနဲ့ ပါတီအတွင်း စွမ်းရည်မြှင့်တင်ရေးတွေ နိုင်ငံအဝှမ်း ဘယ်လောက် လုပ်ထားလဲ။ အားနည်းချက်တွေက ဘာတွေလို့ ထင်ပါသလဲ။
ကျနော်တို့က အရင်အသင်းကို အခြေခံပြီး ဖွဲ့စည်းတာ ဖြစ်ပါတယ်။
အသင်းတုန်းကလည်း နှစ်သန်းကျော် လေ့ကျင့်ပြီးပါပြီ။ အခုလည်း ပါတီဖြစ်ပြီး နောက်ပိုင်း မြို့နယ်အဆင့် တွေနဲ့ ပတ်သက်လို့ အဓိကအားဖြင့်တော့ ရပ်/ကျေး စည်းရုံးရေးမှူးတွေကို လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဗဟိုမှာလည်း လုပ်နေပါတယ်။
ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေးနဲ့ရော တွေ့ဆုံတာမျိူး ရှိပါသလား။ သူ့ကျန်းမာရေး အနေအထားကော ဘယ်လိုနေပါသလဲ။
ကျနော်တို့နဲ့ အဆက်အသွယ် တိုက်ရိုက်မရှိပါဘူး။ သို့သော်လည်း နေကောင်းပါတယ်။ နောက်ပိုင်းတော့ မတွေ့ဖြစ်သေးပါဘူး။ ကြာပါပြီ။ ကျန်းမာရေး ကောင်းတယ်လို့ပဲ ကျနော်တို့ ကြားရပါတယ်။