မင်းတော်လဝီ – ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့လယ် တံတားပေါ်တွင် ယန္တရားတင် ယာဉ်တစ်စီးကြောင့် ယာဉ်ကြောပိတ်ဆို့မှု နှစ်ရက်တိုင် ဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် ယာဉ်များဖြတ် သန်းသွားလာနိုင်ပြီဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် နံနက် ၃ နာရီ အချိန်ခန့်က မြေတူးစက် ယန္တရားတင် ယာဉ်တစ်စီ်းက ကွန်ကရစ် တံတားပေါင်တန်းအား ချိတ်မိသောကြောင့် သွားလာမရဖြစ်ကာ ၂ ရက်တိုင်တိုင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဝေါမြို့ခံတဦး မျက်မြင်သက်သေတစ်ဦးက “ယန္တရားတင် မော်တော်ကားတစ်စီးက မြေတူးစက်ကြီးကို တင်လာတယ်၊ တံတားဘောင်အပေါ်ပိုင်းနဲ့ မလွတ်ဘဲတိုက်မိတော့ ကွန်ကရစ်တုံးက ကားပေါ်ပိကျနေတယ်၊ ကားလည်းလှုပ်ရှားမရဘူး၊ အဲဒါတွေကြည့်ရှင်းနေတာနဲ့ ဒီမနက်စောစောကျမှ မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းလို့ရပြီ” ဟု ပြောသည်။
အဆိုပါယာဉ်ကြော ပိတ်ဆို့မှုကြောင့် တံတားထိပ်နှစ်ဘက်ရှိ အဝေးပြေးလမ်းမကြီးတလျှောက် ဖြတ်သန်း သွားလာရေး စောင့်ဆိုင်းနေသည့် မော်တော်ကား ထောင်ဂဏန်းကျော်ရှိသည့် ကားတန်းက ၂ မိုင်ခန့် ရှည်လျားောကာင်း ၎င်းက ပြောဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ခရီးသည်များ အပါအဝင် ကုန်ပစ္စည်းတင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်ခဲ့သည်။
ဝေါတံတားသည် ကွန်ဂရစ်ဘောင် အမျိုးအစား၊ ကတ္တရာခင်း အကျယ်၂၄ပေ၊ အမြင့် ၁၇ ပေရှိ တံတားဖြစ်ပြီး စစ်တောင်းပဲခူး တူးမြောင်းကို ဖြတ်သန်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။
တံတားဘောင်များ ပျက်စီးမှုအား ပြင်ဆင်ရန် အင်္ဂါနေ့မှစ၍ ဝေါမြို့နယ် ဆောက်လုပ်ရေးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
မုတ္တမ-ရန်ကုန်လမ်းပိုင်းကို ရွှေသံလွင်ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် လမ်းပြုပြင်ထိန်းသိမ်းပြီး လမ်းအသုံးပြု ခများ ကောက်ခံနေသည်။
၄င်းအပြင် တံတားကြီးများနှင့် မြစ်ဖြတ်တံတားကြီးများကို သက်ဆိုင်ရာ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ပြုပြင်ထိန်းသိမ်းမှုများကို တာဝန်ယူဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။