သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က လွတ်လပ်ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်ဟု နှစ်ပတ်လည် အစည်းအဝေး၌ ရှင်းလင်းတင်ပြကြောင်း သိရသည်။
“ပြုပြင်ပြောင်းလဲထားတဲ့ RCSS ရဲ့ အခြေခံ ဥပဒေမူကြမ်းမှာ ထူးခြားတာ ၂ ခု တွေ့ရတယ်။ လွတ်လပ် ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတယ်။ နောက် အရင်က RCSS အဖွဲ့ဝင်တွေဆိုရင် စစ်မှုထမ်း ဖြစ်ရမယ်လေ။ အခုတော့ RCSS မှာ အရပ်သားတွေ ပါဝင်လာနိုင်အောင် ထည့်ပေးထားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။
ဂျန္နဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပခဲ့သော RCSS/SSA ၏ နှစ်ပတ်လည် အစည်းအဝေး၌ RCSS ၏ အခြေခံဥပဒေ ပြင်ဆင်မှုကို ဦးဆောင်တာဝန်ယူပြုပြင်ရသည့် ဗိုလ်ချုပ်စိုင်းယီက ရှင်းလင်းတင်ပြခဲ့ သည်ဟု ဆို၏။
“ဗိုလ်ချုပ် စိုင်းယီ က တင်းမာသူနဲ့ ပျော့ပြောင်းသူတွေ လက်ခံနိုင်အောင် ပြုပြင်ပြောင်းလဲရတာ ဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်မလား မခွဲထွက်ဘူးလားဆိုတာ သျှမ်းပြည်က ပြည်သူတွေ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ရှင်းလင်းပြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်ဥက္ကာကမူ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ၁) ဥပဒေရေးဆွဲနိုင်သည့်အာဏာ ၂) အုပ်ချုပ်ပိုင်ခွင့်အာဏာ ၃) တရား စီရင်နိုင်သည့်အာဏာ -ဟူ၍ အာဏာ ၃ မျိုး ရှိသည်ဟု ဆိုသည်။
“အရင်က ကျနော်တို့ လွတ်လပ်ရေးမူကို ဆုပ်ကိုင်ထားတာဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အစိုးရကို ပြန်လည်ခုခံဖို့ ဖြစ်တယ်။ အခု သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အခွင့်အရေး ပေးလာတော့ ကျနော်တို့ဘက်က တချို့ကို အလျှော့ ပေးရင် ငြိမ်းချမ်းရေး ဖော်ဆောင်တာကို အထောက်အကူဖြစ်မယ်လို့ ယုံကြည်တယ်” ဟု ဒု-ဗိုလ်ချုပ် ကြီးယွတ်စစ်က ၂၀၁၂ အောက်တိုဘာလတွင် ကျင်းပခဲ့သော အစည်းအဝေးတရပ်၌ ပြောခဲ့သည်။
သို့သော် အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့် မဖြေရှင်းဘဲ စစ်ရေးနှင့် ဖြေရှင်းပါက လွတ်လပ်ရေးမူကို ပြန်လည်ကျင့်သုံးသွားမည်ဟု RCSS အရာရှိတချို့က ပြောဆို်ကြောင်း သိရသည်။
RCSS ၏ မူဝါဒမှာ - ၁) အမျိုးသားစည်းလုံးညီညွှတ်ရေး ၂) ကိုယ်ပိုင်ပြဌာန်းခွင့် ၃) ဒီမိုကရေစီ ၄) ပြည်သူ၏ဘဝ ပြုစုပျိုးထောင်ရေး ၅) မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ၆) ငြိမ်းချမ်းရေး တို့ဖြစ်သည်။
ယခု ပြုပြင်ပြောင်းလဲလိုက်သည့် RCSS ၏ အခြေခံဥပဒေမူကြမ်းကို လာမည့် ၆ လပတ် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချ အတည်ပြုမှာဖြစ်ကြောင်း၊ ၆ လပတ်အစည်းအဝေး မတိုင်ခင် ကြားကာလ၌ RCSS ဗဟိုကော်မတီဝင်များနှင့် RCSS အား ထောက်ခံသည့်သူများထံမှ အမြင်နှင့်ဆန္ဒသဘောထားကို ကောက်ယူသွားမည်ဖြစ်ကြောင်း ဆို၏။
သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကို သျှမ်းပြည်တပ်မတော်-တောင်ပိုင်းက သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့၌ အစိုးရနှင့် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။