အပစ်ရပ်စာချုပ် ဘယ်တော့မှ စဖျက်မည် မဟုတ်ဟု RCSS ဥက္ကဌပြော

အပစ်ရပ်စာချုပ် ဘယ်တော့မှ စဖျက်မည် မဟုတ်ဟု RCSS ဥက္ကဌပြော
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော်တို့ အပစ်ရပ်ထားသော်လည်း နှစ်ဖွဲ့အကြားတိုက်ပွဲ အကြိမ် ၆၀ ကျော် ဖြစ်ပွားရာမှာ မြန်မာ့တပ်မတော်က ကျူးကျော်ရန်စခဲ့သောကြောင့် အစိုးရကိုယ်စားလှယ်အပြင် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်နှင့် ပိုမို နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရမည်ဟု RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောသည်။

RCSS နှစ်ပတ်လည်အစည်းအဝေးမှ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်

“ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတိုင်း မြန်မာ့တပ်မတော်က နယ်ကျွံလို့ ဖြစ်တာ။ ကျနော်တို့ကတော့ အပစ်ရပ်စာချုပ်ကို ဘယ်တော့မှ စတင်ဖေါက်ဖျက်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးတည်တံ့ဖို့ အစိုးရတပ်နဲ့ ပိုမိုတွေ့ဆုံရမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။

ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ဌာနချုပ်လွယ်တိုင်းလျဲန်း၌  ကျင်းပသော RCSS/SSA နှစ်ပတ်လည် အစည်းအဝေး၌ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါ အစည်းအဝေးမှ တင်ပြလာသော အစီရင်ခံစာများ၌  - ငြိမ်းချမ်းရေး ဆွေးနွေးပြီးကတည်းက ယနေ့တိုင် သျှမ်းပြည်တပ်မတော်နှင့်  မြန်မာ့တပ်မတော်အကြား တိုက်ပွဲ ၆၈ ကြိမ်ဖြစ် ပွါးခဲ့ပြီး မြန်မာ့တပ်မ တော်ထံမှ  သေနတ် ၆၉ လက် သိမ်းမိကြောင်း၊ မြန်မာ့တပ်မတော်ဘက်မှ ၁၁၃ ယောက် ကျဆုံးကာ ၁၂၉ ယောက်ဒဏ်ရာရကြောင်း ပါရှိသည်။

ထို့အပြင် တိုက်ပွဲ ၆၈ ကြိမ်အနက် ၄၄ ကြိမ်မှာ မြန်မာတပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ကျန်တိုက်ပွဲများမှာ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ဖြစ်ပွါးခဲ့သည်ဟုလည်း ပါရှိသည်။

မြန်မာအစိုးရစစ်တပ်မှ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးကြောင့်သာ တိုက်ပွဲ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ RCSS/SSA ၏ အမှားမဟုတ်သဖြင့် တိုက်ရိုက်အပြစ် မတင်နိုင်သော်လည်း ယခင်အပတ် က ဖြစ်ပွါးခဲ့သော တိုက်ပွဲမှာ မြန်မာအစိုးရ၏ AEC အတွက် လမ်းဖောက်လုပ်နေမှုကို သျှမ်းပြည်တပ် မတော်ဘက်မှ ဖျက်လို ဖျက်ဆီးပြုလုပ်သည်ဟု မြန်မာအစိုးရ၏ စစ်တပ်ပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်တဦးက ဘန်ကောက်ပို့စ်သတင်းစာ အားဖြေကြားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ၂ ဦးသေ ၂ ဦးဒဏ်ရာရခဲ့ကြောင်း RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောသည်။

ထို့ကြောင့် မိမိတို့ဘက်မှ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးထိန်းသိမ်းသွားမည်ဖြစ်ရာ အကယ်၍ ငြိမ်းချမ်း ရေးပျက်ပြားခဲ့ပါက မိမိတို့ဖက်က ချိုးဖောက်ခြင်းမဟုတ်ဟု အစည်းအဝေးပြီးဆုံးသည့်နေ့ ထုတ်ပြန်သည့်ကြေငြာချက်ကဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကိစ္စတွင်လည်း ယခုနှစ် အတွင်း ဆေးစွဲသူ ၅၉၆ ယောက်အားဆေးဖြတ်ပေးခြင်း၊ ဆေးဖြတ်ရုံ ၅ ရုံတည်ထောင်နိုင်ခြင်း၊ ရောင်းဝယ် ဖေါက်ကားသူ ၆၉ ယောက် ကို ဖမ်းဆီးအပစ်ပေးခြင်းပြုလုပ်ခဲ့ပြီး ယာဘ ၂၃၀၄၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ပါဝင်သည်။

ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်း ၁၀၄ ကျောင်း၊ ဆရာ၊ ဆရာမ ၁၃၈ ဦးနှင့် ကျောင်းသား ၂၆၇၆ ဦး မွေးထုတ်ပေး ခဲ့သည်ဟုလည်း အဆိုပါအစည်းအဝေး၏ အစီရင်ခံစာ၌ပါရှိသည်။

သျှမ်းပြည်တပ်မတော်သည် ၂၀၁၁ ဒီဇင်ဘာလ ၁၁ ရက် ကတည်းက အစိုးရကိုယ်စားလှယ်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် အဖွဲ့ဖြစ် သည်။