မြန်မာနိုင်ငံသား အလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် လျှင်မြန်လွယ်ကူစွာ ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံ မြို့ကြီး ၁၀ နေရာတို့တွင် နေ့ချင်းပြီး One-Stop-Service အဖြစ် လာမည့်ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်ထုတ်ပေးမည်ဟု သိရသည်။
ယမန်နေ့(ဇန်နဝါရီလ-၁၈-ရက်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ စမုစာခွန် Samut Sakhon, စမုပရာကန် Samut Prakan, ချင်းမိုင် Chaing Mai, စူရတ်ဌာနီ Surat Thani, ပထုံဌာနီ Pathon Thani, ကန်ချနပူရီ Kanchaniburi, ရယောင်း Rayong, ခွန်ခန်း Khon Kaen, ဆွန်ခလာ Songkhla, နခွန်ရတ်ချာစီမာ Nakhon Ratchasima စသည့်မြို့ ၁၀ မြို့များရှိ မြန်မာယာယီနိုင်ငံကူး ပတ်စပို့ရုံးများမှ လက်မှတ် ထုတ်ပေးမည် ဖြစ်သည်။
မြန်မာသံရုံး အရာရှိတစ်ဦးက “ရုပ်အဂါင်္နဲ့မြန်မာစကား ပြောဆိုနိုင်တဲ့အပေါ်ကြည့်ပြီး ဆုံးဖြတ်မယ်၊ မြန်မာစကား မတတ်တဲ့ တိုင်းရင်းသားတွေအဖို့တော့ ပူပန်စရာမရှိပါဘူး၊ ဒါပေမယ့် ကုလား၊ တရုတ်တွေလို နိုင်ငံခြားသား ရုပ်ပေါက်နေရင် ပိုပြီးစစ်ဆေး မေးမြန်းရတာပေါ့” ဟု ပြောသည်။
ထို့အပြင် မှီခိုသူ ၁၅ နှစ်အောက် သားသမီးများအား သက်သေခံ အထောက်အထား Certificate of Identity ကိုလည်း ထုတ်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
ထိုင်းအာဏာပိုင်များ အနေဖြင့်လည်း နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ကိုုင်ခွင့် လက်မှတ် Work Permit ထုတ်ပေးခြင်းတို့ကို အထက်ပါ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း (၁၀) ခုတို့တွင် နေ့ချင်းပြီး One –Stop –Service အဖြစ် လာမည့်ဖေဖေါ်ဝါရီလ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ ရက်ပေါင်း ၁၂၀ သတ်မှတ်ကာလအတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ယခုလဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖေါ်ဝါရီ ၁၅ ရက်အတွင်း မိမိတို့အလုပ်ရှင်များမှ တဆင့် နီးစပ်ရာထိုင်းအလုပ်သမား ဌာနများတွင် အမြန်ဆုံး မှတ်ပုံတင်ကြရမည် ဖြစ်သည်။
ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း မြန်မာအစိုးရအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေး နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရအဖွဲ့အစည်းဝေးက ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ အတည်ပြုခဲ့သည်ဟု သိရသည်။
ယာယီနိုင်ငံကူး လက်မှတ်အတွက် ဘတ်ငွေ ၆ ထောင်ကျော် ကုန်ကျမည်ဖြစ်ပြီး မတရားငွေယူသော ပွဲစားနှင့် အေးဂျင့်များအား နှစ်နိုင်ငံအာဏာပိုင်များက အရေးယူသွားမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံအမတ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
လက်ရှိ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံအလုပ်သမား နှစ်သန်းခန့်ရှိသည့်အနက် မြန်မာအလုပ်သမား ဝန်ကြီးဌာန စာရင်းအရ လူဦးရေ တစ်သန်းခွဲခန့်သာ ယာယီနိုင်ငံကူးလက်မှတ် တရားဝင် ထုတ်ပေးနိုင်ခဲ့ပြီး လက်မှတ်မရှိသော အလုပ်သမား ငါးသိန်းဝန်းကျင် ကျန်ရှိနေသည်ဟု ခန့်မှန်းရသည်။