ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင်  သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့  ထုတ် ပြန်ခဲ့ပါတယ်။

(အင်တာဗျူး) ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင်  သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့  ထုတ် ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး သျှမ်းသံတော် ဆင့် သတင်းဌာနက SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့သည့်တနင်္လာနေ့က လိုင်ဇာမြို့ထဲသို့ အစိုးရတပ်လက်နက်ကြီးပစ် ရွာသားများထိမှန်သေဆုံး (ဓါတ်ပုံ- ဖေ့စ်ဘုခ်မှ)

မေး။    ။ ကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။    ။ ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိတဲ့အတွက် ကြောင့် တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့  ငြိမ်းချမ်းစွာ ဖြေရှင်းကြရမယ်။ နိုင်ငံရေးစားပွဲဝိုင်းကို အမြန်သွားမှသာလျှင် တိုင်းရင်းသားပြည်သူတွေရဲ့ ဒုက္ခတွေ ကယ်တင် နိုင် မယ်။ ပြီးတော့မှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ကျနော်တို့ အာရုံစူးစိုက်နိုင်မယ်ဆိုတာ အဓိကထားပြီးမှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။

မေး။    ။ ကြေငြာချက်မှာ ကချင်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအများကြီးရှိနေတာ တွေ့မိပါတယ်။ ခွန်ထွန်းဦး ဦးဆောင်လှုပ်ရှားနေတဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် ဖို့ဆိုတဲ့ လုပ်ငန်းမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိပါသလား။

ဖြေ။    ။ ရှိလာနိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူး။ တိုင်းရင်းသား တွေနဲ့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ဘူးဆိုရင် ပြေလည်မှု မရဘူးပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် ဘယ်တိုင်းရင်းသား လူမျိုးတမျိုးကိုမှ ရန်စ ထားလို့ မရဘူး။ ကချင်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်၊ သျှမ်းတွေနဲ့တိုက်ပွဲဖြစ်နေ တယ်။ ကချင်၊ သျှမ်း မပါဘဲနဲ့လည်း ပြည်ထောင်စုဆိုတာ အသွင်သဏ္ဍာန် ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ထို နည်းလည်းကောင်းဘဲ ၀တွေ၊ ပအိုဝ်းတွေ မပါရင်လည်း ပြီးပြည့်စုံမှု မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ ကချင် မှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုကို လုံးဝ ထိခိုက်စေနိုင်ပါ တယ်။ ဒါကို အမြန်ဆုံး ချုပ်ငြိမ်းသွားဖို့ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။

မေး။    ။ ကချင်စစ်ပွဲကို ကြည့်လိုက်မယ်ဆိုရင် အခုက မြန်မာအစိုးရဘက်ကလည်း မိမိကိုယ်ကို ကာကွယ် တိုက်ခိုက်နေတာပါလို့ ပြောတယ်။ ကချင်ဘက်ကတော့ မြန်မာအစိုးရတပ်က  ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်လို့  ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။    ။ စစ်ဆိုတဲ့ သဘောတရားအရဆိုရင်တော့ နှစ်ဖက်စလုံးက သူ့အယူ ကိုယ့်အယူ မှန်တယ်လို့ ယူဆကြမှာဘဲလေ။ ဒါပေမဲ့ ယထာဘူတကျကျ စဉ်းစားကြည့်မယ်ဆိုရင် ကျနော်တို့အားလုံးဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဗမာ့တပ်မတော်ဟာ KIA ကို တိုက် စရာ အကြောင်းမရှိဘူး။ KIA ကလည်း ဗမာ့တပ်မတော်ကို ပြန်ပြီးပစ်ခတ်စရာ အကြောင်းမရှိဘူး။ အဲဒီ လို အကြောင်းမရှိဘူးဆိုတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဖြစ်မလဲဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှဘဲ ကျနော်တို့ ပြဿနာငြိမ်းအေးမှာလေ။ ဒါကြောင့်မို့လို့ သူနိုင် ကိုယ်နိုင် စကားနိုင် လုနေမဲ့အစား ကျနော်တို့ တိုင်းရင်းသားတွေက ဘာတွေကို လိုချင်နေသလဲ၊ ကချင် တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကဘာလဲ၊ ပြည်ထောင်စု အစိုးရဘက်က ဘာတွေများ လိုက်လျောပေး နိုင်မလဲ၊ ဘာတွေများ လုပ်ပေးသင့်သလဲဆိုတာကို ဆွေးနွေးညှိနှိုင်းမှသာလျှင် စစ်ရေးပြဿနာက ပြေ လည်သွားမှာ ဖြစ်ပါတယ်။

SNLD statement

မေး။    ။ ကချင်တပ်နဲ့မြန်မာအစိုးရတပ်ကြားမှာ ဘာကြောင့်မို့လို့ တခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလို ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။

ဖြေ။    ။ ဒါကလည်းဘဲ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအသွင်သဏ္ဍာန် မှားယွင်းနေတဲ့ အတွက်ကြောင့်ပါဘဲ။ ဘာလို့လဲဆိုရင် စစ်မျက်နှာတခုကိုဖွင့်မယ်။ ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဘက်ကိုကျတော့ ငြိမ်းချမ်းရေး မရ-ရအောင် တည်ဆောက်ထားမယ်။ သူတို့ရဲ့ ပုံစံမကျမှုကြောင့် ဖြစ် တာဗျ။ အမှန်တော့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေသလို အားလုံးသောတိုင်းရင်းသားတွေကို amnesty အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၊ အတိုက်အခံအားလုံးကို စုဆုံပြီးမှ ဆွေးနွေးပွဲ လုပ်ဖို့ ဖိတ်ခေါ်လိုက်။ ဒါဆိုလို့ရှိရင် တိုင်းရင်းသားအားလုံးလည်း လက်နက်တွေ ခဏရုတ်သိမ်းပြီးတော့ မှ တိုက်ပွဲတွေ ခဏရပ်ထားပြီးတော့မှ ဆွေးနွေးလို့ ရတာပေါ့ဗျာ။ အခုတော့ ၁၇/၁ တွေရှိနေမယ်။ တချို့ အဖွဲ့ကိုတော့ ပြေလည်အောင် ညှိနှိုင်းထားပြီးတော့မှ တချို့အဖွဲ့တွေကိုကျတော့ ဆက်လက် ရမယ်ရှာ ပြီး တိုက်ပွဲဝင်နေတယ်ဆိုတာမျိုးကတော့ အစိုးရဘက်က သတ်မှတ်ထားတဲ့ပုံစံ၊ မူဝါဒ သဘောထား မရှိသေးဘူးလို့ဘဲ သုံးသပ်ရမယ်ဗျ။ ဒီအပေါ်မှာ အစိုးရဘက်ကဘဲ လုံးဝ တာဝန်ရှိတယ်လို့ မြင်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ကချင်အရေးနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားချင်ပါသလဲ။

ဖြေ။    ။ တခုဘဲ ပြောလိုပါတယ်။ စစ်ဖြစ်တယ်ဆိုလို့ရှိရင် ကချင်လူမျိုးနဲ့ ဖြစ်တယ်ဆိုပေမဲ့လို့ ကျနော် တို့ ပြည်ထောင်စုတခုလုံးကို ထိခိုက်နစ်နာစေပါတယ်။ သျှမ်းနဲ့ဖြစ်ရင်လည်း သျှမ်းလူမျိုးတမျိုးတည်း သျှမ်းပြည်တခုတည်း ထိခိုက်နစ်နာတာ မဟုတ်ဘူး။ ပြည်ထောင်စုတခုလုံးရဲ့ သယံဇာတ အရင်းအမြစ် နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသဖြင့် အားလုံးကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ် တိုင်းရင်းသားနဲ့မှ တိုက်ပွဲ မဖြစ်စေလိုတော့ပါဘူး။ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ဘဲ အားလုံးကို တိုက်တွန်းလိုပါတယ်။ ထိုးစစ် ဆင်တဲ့ဘက်ကရော ခံစစ်ဆင်တဲ့ဘက်ကရော ဘယ်သူဘဲဖြစ်ဖြစ် အားလုံး ငြိမ်းချမ်းရေးကို ဦးတည် ရှေးရှုကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ကချင် လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ၂၀၁၃ ခုနှစ် ဝင်လာတာနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ နှစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အဆင့်ထိ ဖြစ်လာပြီး အစိုးရတပ်ကနေ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ ပစ်ခတ်မှုတွေ ရှိလာပါတယ်။

ပဋိပက္ခပြေလည်ငြိမ်းအေးအောင် နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ ၊လွှတ်တော်အတွင်း နေရာ အများဆုံးရရှိခဲ့သော ကြံ့ခိုင်ရေးပါတီအမတ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်  ဒေါ်အောင်ဆန်းစုကြည်တို့မှလည်း ဝင်ရောက်ဖြေရှင်းကြ ခြင်းမရှိ သေးတာကိုတွေ့ရကြောင်း ကြေငြာချက်မှာထောက်ပြထားပါတယ်။

ထို့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည်သာ တခုတည်း သောနည်းလမ်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်နိုင်ငံတော်အစိုးရကနေ တွေ့ဆုံဆွေးနွေးရေးအဖြေရှာခြင်းကို အလေးအနက်ထား ဆောင်ရွက်သွား ဖို့ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကနေ ကြေငြာချက်ထုတ်ပြန်တာဖြစ်ပါတယ်။