၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာ ပိုကြီးထွားလာနိုင်ဟု RCSS ပြော

၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာ ပိုကြီးထွားလာနိုင်ဟု RCSS ပြော
by -
ခွန်အောင်မြတ်
ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)က မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် အမြင် သဘော ထား ၃ရပ်ကို ယနေ့ထုတ်ပြန်လိုက်သည်။ ယင်းအမြင်များမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးရန်နှင့်  လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ...

ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)က မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် အမြင် သဘော ထား ၃ရပ်ကို ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းအမြင်များမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးရန်နှင့်  လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများကို လွတ်လပ်သောအခွင့်အရေးများ ပေးရန်၊ ပါတီများအား လွတ်လပ်စွာ စည်းရုံးရေး လုပ်ဆောင်ခွင့်ပေးရန်နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း၍ အခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲပြီး နိုင်ငံတော် အာဏာကို ပြည်သူထံ လွဲအပ်ပေးရန်တို့ ဖြစ်သည်။

ယင်းသဘောထားကြေညာချက်ကို RCSS ၏ ဥက္ကဌ ဗိုလ်မှူးကြီး ယွက်စစ် အမည်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

RCSS ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်းက "အာရ်စီအက်စ်အက်စ်ရဲ့ အမြင်သုံးချက် ပေါ့နော်။ ဒီနည်းဆိုရင်တော့ အဖက်ဖက်က အဖွဲ့အစည်းတွေလည်း လက်ခံ နိုင်တဲ့ အနေအထား ရှိတယ်။ ဒီအတိုင်းလုပ်သွားမယ်ဆိုရင်လည်း ပြဿနာတွေလည်း တချို့ပေါ့နော် ဖြေရှင်းနိုင်မယ်လို့ ဆိုတဲ့ သဘောပဲ။" ဟု ပြောသည်။

စစ်အစိုးရ လမ်းပြမြေပုံ ရချက်အတိုင်း လုပ်ဆောင်သွားပါက မြန်မာနို်င်ငံ၏ နိုင်ငံရေး ပြဿနာများအား မဖြေရှင်း နိုင်သည့်အပြင် စစ်ရေးပြဿနာများ ပိုမိုကြီးထွားလာစေ မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသဘောထားအမြင် သုံးချက်ကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးရန် လိုအပ် သည်ဟု ဗိုလ်စိုင်းဆိုင်မိန်းက ပြောသည်။

"အခု ချက်ချင်းလုပ်ရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ သဘောမျိုးပေါ့နော်။ ဒီအချက်သုံး လိုပေါ့နော် ညွန့်ပေါင်းအစိုးရဖွဲ့ ဖွဲ့ပြီးလို့ရှိရင် အခြေခံဥပဒေအသစ် ပြန်ရေး ဆွဲပြီးတော့မှ အာဏာ ပြန်လွဲပေး။ အဲဒီအချက်ကို ရောက်ဖို့အတွက်က ဆွေးနွေးမှုဆိုတဲ့ အပိုင်းက အများကြီးရှိရအုံးမှာရော။ ဆွေးနွေးမှုဆိုတဲ့ နေရာမှာ လက်နက်ကိုင်တဲ့ အဖွဲ့ အစည်းပဲ ဖြစ်ဖြစ်ပေါ့၊ လက်ရှိတိုက်နေတဲ့ အဖွဲ့ အစည်းဆို ရင်လည်းပဲ နအဖက အပစ်ရပ်မျိုး ကို သူတို့က လက်ခံရမယ်။ လက်ခံပြီးတော့ အဆင့် လိုက် အဆင့်လိုက် ဆွေးနွေးသွားဖို့၊ ဒါမျိုးကို သူတို့လက်ခံရမှာပေါ့နော်။ ဆွေးနွေးတယ် ဆိုတာ သုံးပွင့်ဆိုင် ဆွေးနွေးရေးမှ မဟုတ်ဘူးပေါ့။"

ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ စည်းရုံးမှု လိုအပ်ပြီး အနာဂတ်နိုင်ငံရေးပြဿနာ ဖြေရှင်း ဖို့အတွက် ၀ိုင်းဝန်းဆွေးနွေးအဖြေရှာရန် လိုအပ်နေပြီဟု RCSS က တိုက်တွန်းထားသည်။

RCSS အဖွဲ့သည် ၁၉၉၅ခုနှစ်က ခွန်ဆာဦးဆောင်သော မော်ထိုင်းတပ်မတော် လက်နက် ချစဉ်က လိုက်ပါ မသွားဘဲ စစ်အစိုးရကို ဆက်လက်တော်လှန်နေသော အဖွဲ့ဖြစ်ကာ လက်နက်ကိုင်တပ်အဖြစ် ရှမ်းပြည် တပ်မတော်-တောင်ပိုင်းကို ဖွဲ့စည်းထားသည်။

Most read this week