UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့ ထပ်မံတွေ့ဆုံမည်ဆိုပါက ထိုင်းနိုင်ငံအတွင်း၌ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း UNFC အတွင်းရေးမှူးကပြောသည်။
ယခုလ ၅ ရက်နေ့က ပြုလုပ်သည့် WGEC တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့၏ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ အတွင်းရေးမှူး နိုင်ဟံသာက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မနှစ်က နိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနဲ့ ကျနော်တို့ တွေ့ဆုံတုန်းက နောက်တခါတွေ့ဆုံရင် မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center ) မှာတွေ့ဆုံကြမယ်လို့ပြောတယ်။ ဒီအတွက်ကျနော် တို့ဘက်က ကိုယ်စားလှယ်တွေ လွှတ်ဖို့ အဆင်မပြေဘူး။ ဘာလို့လဲဆို အများစုဟာ Black List ထဲမှာ ရှိနေတုန်းဘဲလို့ယူဆတယ်။ နောက်တခုက UNFC အဖွဲ့ဝင် တပ်ဖွဲ့တချို့ (KIA ၊SSPP/SSA၊ TNLA) တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေမရပ်သေးဘူး။ နောက်ပြီးတော့ ကျနော်တို့ဟာ အခုယုံကြည်မှုတည်ဆောက် နေဆဲ ကာလ ဖြစ်ပါတယ်။ ဒါကြောင့် အသင့်လျော်ဆုံးနေရာကတော့ တတိယနိုင်ငံတွေမှာဘဲဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်” ဟု နိုင်ဟံသာကပြောသည်။
ထိုင်းနိုင်ငံ၌ တွေ့ဆုံရန် UNFC ၏ တင်ပြမှုကို ဦးအောင်မင်း က လက်ခံခဲ့ကြောင်း ၎င်းကဆက်လက်ပြော ဆိုသည်။
ပြည်ထောင်စုညီလာခံကြီး၌ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အရေအတွက်တူညီစွာ ပါဝင် ဆွေးနွေးနိုင်ရန် တိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ၊ အပစ်ရပ်အဖွဲ့ များအပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းများ စုပေါင်းကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ WGEC (Working Group for Ethnic Coordination) ကို ယမန်နှစ် ဖေဖော်ဝါရီလ ၂၆-၂၈ အထိ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ပါဝင်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သည်။
ရည်ရွယ်ချက်မှာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးပါက တိုင်းရင်းသားများဘက်တွင်ရှိထားရန်လိုအပ်သည့်လမ်း ညွှန်မူ နှင့်လုပ်ငန်းစဉ်များကို ရေးဆွဲရန်ဖြစ်သည်။
WGEC ပေါ်ပေါက်လာမှုရလဒ်တခုမှာ ယမန်နှစ် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့သော တိုင်းရင်းသား များညီလာခံဖြစ်သည်။ ထိုညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လမ်းပြမြေပုံ ၆ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြသည်။
၎င်းတို့မှာ ၁- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး နိုင်ငံရေးမူဘောင် တွင်ပါဝင်မည့် အချက်များကို သဘောတူ ချမှတ်ရန်
၂- ပြည်ထောင်စုအစိုးရကိုယ်စားလှယ်နှင့် လက်နက်ကိုင် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့ အစည်း ၏ စုစည်း ထားသောကိုယ်စားလှယ်များအကြားတွေ့ဆုံဆွေးနွေး၍ တွေ့ဆုံဆွေး နွေးရေးဆိုင်ရာမူဘောင် သဘောတူညီချက်ရရှိရန်၊
၃ - သက်ဆိုင်ရာပြည်နယ်အလိုက်၊ တိုင်းအလိုက်၊ လူမျိုးစုအလိုက် တိုင်း ရင်းသားတို့၏ ညီလာခံ များကျင်း ပပြီး ရှင်းလင်းညှိနှိုင်းသဘောထားရယူသွားရန်၊
၄- လက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အမျိုးသမီးအဖွဲ့ လူငယ် အဖွဲ့အစည်းများ အသိ အတတ်ပညာရှင် များပါဝင်သော တိုင်းရင်းသားလူမျိုးစုံညီလာခံတခု ကျင်း ပရန်၊ အပါအဝင်ပြည်နယ်များစုပေါင်း၍ ညီလာခံ ကျင်းပရန်၊
၅- တိုင်းရင်းသား၊ ဒီမိုကရေစီအင်အားစု နှင့် အစိုးရ ကိုယ်စား လှယ် အချိုးညီပါဝင်ပြီး အင်အားစုသုံးစုစလုံး လက်ခံနိုင်သောပုံစံဖြင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော ပြည်ထောင်စုညီလာ ခံကြီးတရပ် ကျင်းသွားရန်၊ ထိုညီလာခံမှ ချမှတ် သောသဘောတူညီချက်များကို တိုင်းရင်းသားလူမျိုးများဆိုင်ရာပြည်ထောင်စု သဘောတူညီချက် (Union Accord) အဖြစ်သဘောထားရန်၊
၆- တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘော တူညီချက် (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် - တို့ ဖြစ်သည်။
ယခုအခါ WGEC မှ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်းရေးဆွဲကာ အဖွဲ့အစည်းအသီးသီးမှခေါင်းဆောင် များ ထံပြန်လည် စီစစ်ရန်တင်ပြထားကြောင်း သိရသည်။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီကလည်း အလားတူ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်း ရေးဆွဲနေ ကြောင်း ကြားဝင်အကျိုးတော်ဆောင်ပေးသည့် ဥရောပ မြန်မာရုံး EBO က ပြောသည်။