သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များလိုလား

သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များလိုလား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံတွင် သျှမ်းပါတီများပူးပေါင်းရန် ပါတီဝင်များက လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူများက ပြောဆိုသည်။

ကျားဖြူပါတီအစည်းအဝေး

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအစဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်းဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံးက လိုလားနေကြတယ်လေ” - ဟု ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောဆိုသည်။

ဂျန္နဝါရီ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ၏ ဒုတိယ အကြိမ်မြောက် ညီလာခံအား တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း မင်္ဂလာခန်းမ၌ ကျင်းပလျက်ရှိ ကြောင်း၊ အဆိုပါညီလာခံအတွက် ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ ပါတီ ပေါ်လစီပြုပြင်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရဖို့ - အဖွဲ့ပေါင်းနှစ်ဆယ်ခန့်ခွဲပြီး ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါခေါင်းစဉ်ကြီး နှစ်ခုအောက်တွင် ကျားဖြူ နှင့် ကျားခေါင်းပူးပေါင်းဖို့ရန်လည်း ပါဝင်ကြောင်း - ထိုအလုပ်ရုံမှ ရလာသည့်အချက်အလက်များအား ၃ ရက်ကြာညီလာခံ၌ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ဆက်လက် ပြောဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲ

“တဝိုင်းတဝိုင်းက လူဆယ်ယောက်ကျော်တယ်။ ဝိုင်းပေါင်း ၂၀ လောက်ရှိမယ်။ ၂၀၁၅ အောင်နိုင်ရေးအတွက် ပါတီပူးပေါင်းရမယ်၊ ပါတီပူးပေါင်းဖို့ နှစ်ဘက်စလုံးက ခေါင်းဆောင်ကြီးတွေမာန်မာန လျော့ရမယ် - အဲဒီ အချက်က အဖွဲ့တွေအားလုံးနီးပါးပဲ ထည့်ရေးကြတယ်။ ဒါပေမယ့် -- ပူးပေါင်းဖို့မလွယ်သေးဘူးလို့ လူကြီး တွေကပြောတယ်။ ကျမ တို့လူငယ်အမြင်ကတော့ ပေါင်းရင်အလွယ်လေး။ မပေါင်းချင်သေးလို့  ခက်နေ တာ” - ဟု ကျားဖြူပါတီဝင် နန်းဖေါင်က ပြောသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပနေည့် ကျားဖြူပါတီ ဒုတိယ အကြိမ်မြောက်ညီလာခံတွင် ပြည်ထောင်စု တဝှမ်းလုံးရှိ ကျားဖြူပါတီဝင် အင်အား ၆၀၀ ကျော်က တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုင်းအိုက်ပေါင်း ဦးဆောင်သည့် သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှ လွှတ်တော် သုံးရပ်လုံးအတွက် အမတ်နေရာ ၅၈ နေရာရရှိထားသည်။