သျှမ်းပြည်တော်လှန်ရေးကောင်စီ SSRC ဗိုလ်မိုးဟိန်း (ခေါ်) စဝ်ကွဏ်းဇိန်း ခေတ်ကတည်းက စတင်တည် ထားခဲ့သော ထိုင်းမြန်မာနယ်စပ်ရှိ ဝပ်ဖဝိန်းအင်း ကျောင်းတိုက်မှစေတီတော်မွမ်းမံပြီးစီးမှုအား လာမည့်မတ်ခ်ျ လ၌ ရေစက်သွန်းချ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
“မာရဇိန စေတီလို့ခေါ်တယ်။ စဝ် ကွဏ်းဇိန်း (ဗိုလ်မိုးဟိန်း) လက်ထက် ၁၉၆၈ ခုနှစ်ကတည်း သူကိုယ်တိုင် အဓိဌာန်ပြီး တည်ထားကိုးကွယ်ခဲ့တဲ့စေတီပေါ့။ ၁၉၇၈ မှာတုန်းက ထီးတော်တင်ပြီးပြီတခါ။ အခုတခေါက်ပြန်ပြီး မွမ်းမံတာပေါ့။ လာမယ့် မတ်ခ်ျလထဲမှာ ရေစက်ချ လှူဒါန်း မယ်” ဟု ပိန်းလုံရွာဒေသခံတဦးကပြောသည်။
အဆိုပါ ဝပ်ဖဝိန်းအင်းကျောင်းတိုက်သည် ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ တွင် တည်ရှိပြီးထိုင်း-မြန်မာနယ်ခြားမျဉ်းပေါ်တွင် တည်ရှိသည်။ သျှမ်းပြည်အရှေ့ပိုင်း မုံးတော့ မုံးထားမြို့နယ်ခွဲ နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
၁၉၆၈ က တော်လှန်ရေးခေါင်းဆောင်ကြီး ကွဏ်းဇိန်းက ထိုင်း-မြန်မာနယ်ခြားမျဉ်းပေါ်ရှိ ထိုင်းဘုရင် ဗြနရဇ်မင်း တည်ထား ကိုးကွယ်သော စေတီအပေါ် မာရဇိန (မာန်နတ်အား အောင်မြင်ခြင်း) စေတီကို ထပ်မံတည်ထားခဲ့ ကြောင်း သက်ရှိထင်ရှား ရှိနေသေးသော ၎င်း၏ ကေဒါများကပြောဆိုသည်။
စေတီတော်အား ၁၉၇၈ ဝါဆိုလပြည့်နေ့ (မေလ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့) ၌ စေတီတော် အား ထီးတော်တင်ခဲ့သည်။ ၁၉၉၆ ဦးခွန်ဆာ၏ MTA မုံးတိုင်းတပ်မတော် လက်နက်ချပြီး နောက်ပိုင်း မွမ်းမံစောင့်ရှောက်သူ နည်းပါးသွားသဖြင့် ယိုယွင်းနေရာ ယခု ၄-၅ နှစ် အတွင်းမှပြန်လည်မွမ်း မံပြုပြင် တည်ဆောက် ခဲ့ကြောင်း သိရသည်။
“ရွာသားတွေရယ် ပိန်းလုံအုပ်စုဥက္ကဌရယ် ကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော်ရယ် စိုင်းသာဦးရယ် ပေါင်းပြီးမှ မွမ်းမံကြတယ်။ ဘတ် ၃ သန်း နီးပါးကုန်တယ်လို့ပြောတယ်။ နံရံဆေးပန်းချီတွေ အတွက် မပါသေး ဘူး။ မတ်လထဲမှာ အလှူလုပ်မယ်ဆိုတော့ မိုးရွာရင် ဗွက်ထမှာစိုးလို့ဆိုပြီး စေတီတော်ပရဝုဏ်ထဲမှာလဲဘလောက် တုံး လေးတွေခင်းထားတယ်” - ဟု လတ်တိုင်ဒေသခံကပြောဆိုသည်။
၂၀၁၃ မတ်လ ၂၄ ရက်နေ့ ကွယ်လွန်ပြီးသူများအားလုံးအားရည်စူးကာ ဆွမ်းကပ်မည်ဖြစ်သည်။ မတ်လ ၂၅ ရက် ရပ်နီး ရပ်ဝေး၊ ပြည်တွင်းပြည်ပမှလာသော ဧည့်သည်များအား ကျွေးမွေးလှူဒါန်းမည်ဖြစ်သည်။ မတ်လ ၂၆ ရက်တွင် ရေစက် သွန်းချ အမျှပေးဝေကြမည်ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှသံဃာတော်များက ဆိုသည်။
၁၉၉၆ ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ဝပ်ဖဝိန်းအင်းကျောင်းတိုက် ပရဝုဏ်အတွင်းရှိ သိမ်ကျောင်းတော် အားလည်း အစိုး ရတပ်က အခြေချစခန်းအဖြစ်သိမ်းပိုက်ခဲ့သည်။ ၂၀၀၁-၂၀၀၂ ခုနှစ်စစ်ရေးတင်းမာမှု နောက်ပိုင်း နယ်ခြားမျဉ်း အနီး မြေမြှုပ်မိုင်းများမြှုပ်နှံထားသောကြောင့် ကျောင်းတိုက်နှင့် သိမ်တော်ကြား ဖြတ်သန်းသွားလာခြင်းမရှိတော့ ဘဲ ကျောင်းတော်ပရဝုဏ်လည်း နှစ်ခြမ်းဖြစ်သွားခဲ့ရာ ကျောင်းတိုက်နှင့် စေတီတော်မှာ ထိုင်းဘက်ခြမ်း၌ ကျန်ရှိကြောင်း ဆိုသည်။