သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ

သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ သစ်တောရုံးအား အမည်မသိအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ရာ သစ်တောဦးစီးမှူး ဒဏ်ရာရရှိသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက် က ဆိုသည်။

“ဒီမနက် ၂ နာရီမှာ ဖြစ်တာ။ သစ်တောရုံးထဲကို လက်ပစ်ဗုံး တလုံးပစ်ဝင်တယ်။ ဦးစီးမှူးရဲ့ ဗင်ကားပေါ်ကျ တယ်။ ရုံးမှာ အိပ်တဲ့ ဦးစီးမှူး ဦးလှမြင့်ဦး ဒဏ်ရာရတယ်။ အဲဒါ ဒီနေ့ လားရှိုးဆေးရုံကိုပို့လိုက် ရတယ်” ဟု သစ်တောဌာနနှင့် နီးစပ်သည့် လားရှိုးဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

သိန္နီမြို့အထွက် ကွတ်ခိုင်အသွားလမ်း အေးရှားဝေါလ်ဂိတ်အလွန်ရှိ သစ်တောရုံးဝင်းအတွင်းသို့ ဒီဇင်ဘာ ၂၇ ရက် မနက် ၂ နာရီက လက်ပစ်ဗုံး ပစ်သွင်းခဲ့ခြင်းဖြစ်သည်။ လက်သည်မှာ မည်သူမှန်း မသိသော်လည်း KIA ၏လက်ချက်ဖြစ်သည်ဟု အစိုးရဝန်ထမ်းများက ခန့်မှန်း ပြောဆိုကြသည်။

သစ်တောရုံးသည် ၂ ထပ်ဆောင် ပျဉ်ထောင်အဆောက်အဦးဖြစ်ပြီး ထိုရုံး၌ လူ ၄-၅ ဦးထက်မနည်း ရှိနေတတ် သည်ဟုလည်း လားရှိုးမြို့ခံက ပြောသည်။

ဗုံးကြောင့် သစ်တောဦးစီးမှူး ၏ ဗင်ကား ပျက်စီးကာ ရုံးဆောင်တချို့တဝက် ကိုပါထိမှန်ကြောင်း မျက်မြင် သက်သေများကပြောသည်။

သိန္နီမြို့ မြို့နယ်သစ်တောရုံးသည် လားရှိုး - မူစယ် လမ်းမှပေါ် (သိန္နီမြို့မှ ကွတ်ခိုင်မြို့သို့အထွက်) ကွန်လုံ လမ်းခွဲ နှင့် ၄ ဖာလုံ အကွာခန့်တွင် ရှိသည်။

Most read this week