စိုင်းနော်ခမ်း သေဒဏ်မှ အယူခံယူမှု ယူနန်တရားရုံးပယ်ချ

စိုင်းနော်ခမ်း သေဒဏ်မှ အယူခံယူမှု ယူနန်တရားရုံးပယ်ချ
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တရားရုံးတခု (Intermediate Court) ၌ ရုံးတင်အမှုစစ်ဆေးခြင်းခံရသော သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံ ဒေသမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းနှင့် တပည့် ၃ ယောက်အား တရုတ် တရားရုံးမှ သေဒဏ်ချမှတ်ပြီး နောက်ပိုင်း အယူခံဝင်ရန်ကြိုးစားသော်လည်း ယူနန်ပြည်နယ် အဆင့်မြင့် တရားရုံး၏ ပယ်ချခြင်းခံရသည်ဟု  ထိုင်းနိုင်ငံ ခုမ်းချတ်လွတ် သတင်းစာက ဖော်ပြထားသည်။

စိုင်းနော်ခမ်း သေဒဏ်မှ အယူခံယူမှု ယူနန်တရားရုံးပယ်ချ

တရုတ်နိုင်ငံ ကူမင်းတရားရုံး ၌ အမှုရင်ဆိုင်နေသည့် စိုင်းနော်ခမ်း နှင့်အဖွဲ့  ၆ ဦးအား နိုဝင်ဘာလဆန်းက ပြစ်ဒဏ်ချ မှတ်ခံရပြီးဖြစ်ရာ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့မှာ သေဒဏ်၊  လားဟူ အမျိုး သား၂ ယောက်အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ ချမှတ်ခံခဲ့ရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court)  တရားရုံးတော် က  ပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံ ဝင်ရန်ကြိုးစားနေသည်ဟု ဖော်ပြထားသည်။ အကယ်၍ ပေကျင်းတရားရုံးကလည်း အဆိုပါအယူခံဝင်မှုအား ထပ်မံပယ်ချခဲ့ပါက စိုင်းနော်ခမ်းမှာ အမှန်တကယ် သေဒဏ်ခံရတော့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌  ဖော်ပြထားသည်။

“တရုတ် ၁၃ ဦးကိုသတ်ဖို့ ကျနော်အမိန့်မပေးရသလို အဲ့ဒီအခင်းဖြစ်ပွါးစဉ်တုန်းကလဲ ကျနော် မသိရပါဘူး။ သူတို့သွားလုပ်ကြမယ်ဆိုတာလဲ ကျနော် မသိလိုက်ရပါဘူး” ဟု ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ၎င်း၏ ရှေ့နေအား  စိုင်းနော်ခမ်းက ပြောပြသည်ဟု တရုတ်သတင်းစာ၌ဖော်ပြထားသည်။

သို့သော် စိုင်းနော်ခမ်း၏ နောက်လိုက် တပည့် ၅ ဦးစလုံးက တရုတ် ၁၃ ဦးအား သတ်ဖြတ်ခဲ့ရကြောင်း ယူနန် ပြည်နယ် ကူမင်းတရားရုံး၌ အမှုစစ်ဆေးခံရစဉ် ထွက်ဆိုခဲ့ကြကြောင်း သတင်းများ၌ဖော်ပြထားသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားခဲ့ဖူးသော စိုင်းနော်ခမ်းအား ထိုင်းဒု-ဝန်ကြီးချုပ် က ဘတ်ငွေ နှစ်သန်းဖြင့် ဖမ်းမိန့်ကြေငြာပြီး မကြာခင် (ဧပြီ ၂၅ ရက် ၂၀၁၂ ) လောဝ်နိုင်ငံမြောက်ပိုင်း၌ဖမ်းဆီးခြင်းခံခဲ့ရ သည်။ တရုတ်နိုင်ငံသို့ထာ လောဝ်(လာအို) အစိုးရ လွဲအပ်ပေးပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က ယူနန်ပြည် နယ် ကူမင်းတရားရုံးမှ သေဒဏ်စီရင်ခြင်းခံခဲ့ရသည်။