ထိုင်း လုပ်ငန်းရှင်များ လိုက်ပါသည့် လေယာဉ် စက်ချွတ်ယွင်းပြီး ထားဝယ်လေဆိပ်တွင် ရပ်နားခဲ့ရ

ထိုင်း လုပ်ငန်းရှင်များ လိုက်ပါသည့် လေယာဉ် စက်ချွတ်ယွင်းပြီး ထားဝယ်လေဆိပ်တွင် ရပ်နားခဲ့ရ
by -
မွန်အေဂျင်စီ

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၄၀ ခန့် လိုက်ပါလာသည့် ဘုရင့် တပ်မတော်မှ C -130 လေယာဉ်တစင်း စစ်ချို့ယွင်းမှုကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်လေဆိပ်၌ တရက်တာ ရပ်နားခဲ့ရသည်။

ထားဝယ်လေဆိပ်တွင် ညအိပ်ခဲ့ရသည့် ထိုင်းလေတပ်မှ C-130 လေယာဉ်

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန်သို့ ပထမဆုံး အကြိမ် သွားရောက် လေ့လာရာတွင် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာခဲ့ကြပြီး အပြန်ခရီးတွင် ၎င်းတို့ စီးနင်းလာသည့် လေယာဉ် စက်ချွတ်ယွင်းခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ်နှင့် အဖွဲ့က လေယာဉ် ၂ စင်းဖြင့် ရောက်ရှိလာကြပြီး ညနေ ၄ နာရီခန့်တွင် ဝန်ကြီးချုပ် စီးနင်းသည့် ATR-42 အမျိုးအစား လေယာဉ်တစင်းသာ ဘန်ကောက်သို့ ပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဘန်ကောက်ကို ပြန်ဖို့ ပြင်ဆင်တဲ့အခါ လေယာဉ်အင်ဂျင် ၄ လုံးမှာ အင်ဂျင်တလုံး ချွတ်ယွင်းသွားလို့ သူတို့ခရီးစဉ် ဖျက်သိမ်းလိုက်ရတယ်။ သူတို့ကို ထားဝယ်က ဟိုတယ်မှာ နေရာချပေးခဲ့တယ်” ဟု ထားဝယ် လေဆိပ်နှင့် နီးစပ်သည့် ထားဝယ် တက္ကသိုလ် ကျောင်းဆရာတဦး က ပြောသည်။

ယခု ခရီးစဉ်အတွင်း ထိုင်း စီးပွားရေး လုပ်ငန်းရှင်များက ထားဝယ် ဒေသ၌ လုပ်ကိုင်နိုင်မည့် စီးပွားရေး အခွင့်အလမ်းများကို လေ့လာခဲ့ပြီး ထားဝယ်ရှိ ကုန်သည်ကြီးများ အသင်းနှင့် သီးခြား တွေ့ဆုံခဲ့ကြသည်။

ထိုင်းလေတပ်မှ အင်ဂျင်နီယာများက ချွတ်ယွင်းသည့် လေယာဉ်အင်ဂျင်ကို ပြန်လည် ပြုပြင်တပ်ဆင်ပြီးနောက် ယမန်နေ့ ညနေပိုင်း ၅ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း အထက်ပါ တက္ကသိုလ် ကျောင်းဆရာက ပြောသည်။

Most read this week