ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှုများ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည် ။
ထိုသို့ ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်းကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကို ထောက်ခံအားပေး နေ၍ ဖြစ်ကြောင်း ပြည်သူလူထုအကြား သတင်းများ ထွက်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ် နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံးမေးမြန်း ထားချက်များအား တင်ပြလိုက်ပါတယ်။
မေး - လက်ပန်တောင်းတောင်ကိစ္စ အပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော် ဘာကြောင့် တိုက်ပွဲတွေ ဖြစ်လာသလဲဆိုတာ အရင်ပြောပေးပါ။
ဖြေ - လက်ပန်တောင်းတောင်ကိစ္စ အပြီး တိုက်ပွဲတွေပိုများလာတာ ဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေး နွေးပွဲ အပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲမပြတ်ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား နေရာအနှံ့ သေနတ်သံမြည်နေအောင် လုပ်ထားတာပေါ့။
ပိုင်းဖြတ်ချက်ရှိတဲ့ စစ်ပွဲလက္ခဏာမျိုးမတွေ့ရဘူး တပ်တွေအများကြီးသုံးမယ် ဖြန့်ထားတယ် ထိတွေ့မှု ယူတယ် အမြောက် ကြီး တွေနဲ့ပစ်တယ် အနှောက်အယှက်လုပ်တယ် အဲလိုပေါ့ တိုတိုပြောရရင် ချံု့ငင်တဲ့စစ်ပွဲတစ်ခုကို ဖန်တီးထားတာ။
ဒီလိုတိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့အခါကျတော့ အရာရာတိုင်းမှာ ဖိအားရှိနေတယ် ဒီအကျပ်အတည်း တွေထဲကနေ ပြည်သူ နဲ့ ကေအိုင်အေတပ် ၊ အထက်နဲ့အောက် သွေးကွဲအောင်ဖန်တီးထားတာ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ဗမာတပ်ဘက်ကစဉ်းစားချက်ပြောင်းသွား ပုံရတယ် ကေအိုင်အေနဲ့တိုက်ခဲ့တဲ့ စစ်ပွဲကာလမှာ သူ့ဘက်က အဆုံးအရူံးကများတယ် နောက်တစ်ခေါက်နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် အပေါ်စီးရတဲ့ ဆွေးနွေးမှုမျိုးလိုချင်တယ် အဲဒီ တော့ အစိုးရဘက်က လုပ်နိုင်တဲ့ဟာနှစ်ခုရှိတယ် တစ်ခုက ကေအိုင်အေဗဟိုကို ထိန်းချုပ်တာရယ် ဗဟိုနဲ့အောက်မှာ ရှိနေ တဲ့တပ်တွေကို ပြတ်သွားအောင်ကြိုးစားတာရယ်ပေါ့။
မေး - အဲဒီစစ်ပွဲအနေအထားကို ထင်သာမြင်သာရှိအောင် ပြောပြပေးပါ ။
ဖြေ - အခုလတ်တလော လဂျားယန်မှာ ဖြစ်သွားတဲ့ တိုက်ပွဲတွေမှာ သိပ်သိသာတယ် MI24 ကိုအဓိကကျတဲ့ နှစ်နေရာ မှာ ရည်မှန်းချက်ရှိတဲ့နှစ်နေရာကိုပစ်တယ် ဘွန်လွယ်ကိုပစ်တယ် တကယ်လို့ဘွန်လွယ်ကိုရသွားရင် ကေအိုင်အေ ဗဟို ဒေသ ကို ထိန်းချုပ်နိုင်မယ်လို့ ယူဆပုံရတယ် ဒါကြောင့်ဘွန်လွယ်ကို အကြီးအကျယ် ထိုးဖို့ပြင်တာ နောက်လည်း ထပ်ထိုးမဲ့ အလားအလာတွေ မြင်နေရတယ်။
ကေအိုင်အေဆီကနေ သူလိုချင်တဲ့ စခန်းတွေရရင် စစ်ရေးအသာစီးနဲ့ စားပွဲပေါ် ရောက်အောင်ခေါ်မယ် အဲလိုစဉ်းစားပုံ ရတယ်။ အဲဒါကြောင့် နံပတ်တစ်က ဘွန်လွယ်စခန်းကိုထိုးတယ် နောက် တစ်ခုက ပန်ဝါနားမှာကပ်နေတဲ့ နယ်စပ်မျဉ်း ၅၊၆ နားကစခန်းကို ထိုးတယ်။
ဒါနဲ့ပတ်သက်လို့ နောက်တစ်ခေါက်ငြိမ်းချမ်းရေးစကားမပြောခင်မှာ ပန်ဝါနားမှာ ကေအိုင်အေမရှိရေးဆိုတဲ့ပေါ်လစီ ဗမာ အစိုးရမှာ ရှိပုံရတယ် အဲဒီမှာလည်း အထူးအလေးထားချက်အရ MI 24 တွေကိုသုံးခဲ့တယ်။
မေး - နောက်တစ်ခုက ပြည်တွင်းလူထုကြားမှာ ကေအိုင်အေကို တရုတ်က ထောက်ခံအားပေးနေတယ်လို့ ပြောသံတွေ ကြားနေရတော့ ဒီကိစ္စအပေါ် ဘာပြောချင်ပါသလဲ။
ဖြေ - ကေအိုင်အေဟာ အိမ်နီးနားချင်းနိူင်ငံကြီးရဲ့ ထောက်ပံ့မှုတွေရထားလို့ တိုက်ပွဲတွေ မပြတ်တိုက်နိုင်တယ်လို့ပြော နေတာက လက်တွေ့မကျဘူး။
ပြည်တွင်းမှာ ဗမာအစိုးရဟာ သူ့ရဲ့စစ်ရေးရူံးနိမ့်မှုတွေကို ကာကွယ်တဲ့အနေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးသုံးပြီး ၀ါဒဖြန့် နေတာ ဖြစ်တယ် အခုလက်ပန်တောင်းတောင်ကိစ္စဖြစ်တယ် တရုတ်ပြည်ကမကျေနပ်ဘူး ဒါကြောင့်မို့ ၀တွေ ကချင်တွေကို မြှောက်ပေးတယ် ဆိုတဲ့ အရပ်သားစဉ်းစားနည်းမျိုးဖြစ်အောင် ဗမာအစိုးရက ဖြန့်ချီနေတာ ဖြစ်တယ်။
မေး - KIA နဲ့တရုတ်ဆက်ဆံရေး အခြေအနေရော ဘယ်လိုရှိပါသလဲ
ဖြေ - ကေအိုင်အေက တရုတ်အစိုးရနဲ့ အိမ်နီးနားချင်း လက္ခဏာဆောင်တဲ့ ဆက်ဆံရေးရှိတာ မှန်တယ် ဆိုလိုတာက ကေအိုင်အေနဲ့ဆိုရင် ထိန်ချံုးအထူးခရိုင်၊ တယ်ဟုန်အထူးတိုင်း ၊ ပေါင်စန်းစစ်ဒေသခွဲစတဲ့ ဒီလို နယ်စပ်ခြင်းကပ်နေတဲ့ ဒေသတွေ က တစ်စုံတစ်ရာ ဆက်စပ်မှုရှိတာအမှန်ပဲ။
တရုတ်အစိုးရအနေနဲ့ အရင်တုန်းက ကွန်မြူနစ်ပါတီကို ကူညီခဲ့သလိုမျိုး အခုနောက်ပိုင်းမှာ ဘယ်သူ့ကိုမှမကူညီဘူး ကေအိုင်အေဘက်က ပိုရှင်းတယ် ကေအိုင်အေခေါင်းဆောင်အားလုံးဟာ တရုတ်ပြည်က ကချင်တစ်ယောက်မှ မပါဘူး ဗမာ ပြည်က ကချင်တွေဖြစ်တယ်။
နောက်တစ်ခုက တရုတ်ပြည်ဟာဆိုလို့ရှိရင် ဗမာအစိုးရရဲ့လေသံကိုလိုက်ပြီး သူ့ပြည်တွင်းထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ကေအိုင်အေနယ်ထဲကိုမောင်းသွင်းတယ် မောင်းသွင်းတဲ့အတွက် ကေအိုင်အေမှာ ကြီးစွာအထုတ်အပိုးဖြစ်ခဲ့တယ်။
မြစ်ဆုံကိစ္စမှာ ဆိုရင်လည်း တရုတ်အစိုးရဟာ ကေအိုင်အေကို တော်တော်လေးကို နာကျဉ်းတယ် မြစ်ဆုံကိစ္စကို စတင် ကန့်ကွက်တာ ကေအိုင်အေဖြစ်တယ် မြစ်ဆုံမှာ လုပ်တဲ့ကုမ္ပဏီကြီးရဲ့ဋ္ဌာနချုပ်မှာ တနှစ်လောက်က ဗုံးကွဲမှုဖြစ်တယ်။
နောက်တစ်ခုက ကေအိုင်အေက အမေရိကန်အပါအဝင် အနောက်နိူင်ငံတွေနဲ့ ဆက်စပ်မှုရှိတယ် ဘာသာရေးအရလည်း အနောက်နိူင်ငံတွေကြိုက်တဲ့ ဘာသာရေးကိုးကွယ်မှုရှိတယ် အဲဒီတော့ တရုတ်ပြည်ဟာ ကေအိုင်အေနဲ့ပတ်သက်ပြီး သံသ ယတွေ အများကြီးရှိတယ် ကျနော်တို့သိသလောက်ပြောရရင် ကွန်မြူပါတီကတဆင့်ရခဲ့ဖူးတဲ့ လက်နက်ခဲယမ်းက လွဲရင် တရုတ်ပြည်က ဘာမှမရပါဘူး။
မေး - နှစ်ဘက် စစ်ရေးအခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။
KIAဘက်က နိုင်ငံရေးစင်မြှင့်တစ်ခုရဖို့ မလွဲသာ ၊ မရှောင်သာ တိုက်နေရတယ်လို့ ထင်ပါတယ် ၊ သူ့အတွက် ၀န်ထုတ် ၀န်ပိုး သိပ်ကြီးပါတယ် ၊ စစ်ပွဲကိုလိုလားတဲ့အနေအထားမရှိပါဘူး ဒါကြောင့် အပြန်အလှန်လက်ခံနိုင်မယ့် နိုင်ငံရေးစင်မြင့် တစ်ခုရပြီ ဆိုရင် သူ့ဘက်က မုချအပစ်ရပ်မဲ့အနေအထားပါ။
လတ်တလေစစ်ပွဲမှာ သိသာပါတယ်။ ကေအိုင်အေက ခံစစ်သေသက်သက်လုပ်သွားတယ်၊ ခံစစ်ရှင်လိုမျိုး ပြန်လှန် ထိုးတာတို့ ၀ိုင်းပတ်တာတို့ ထိုးစစ်ဆင်တာတို့ လုပ်ခဲ့ရင် အစိုးရတပ်ဟာဒီထက်မကနာနိုင်ပါတယ် ဥပမာကုန်းတစ်ကုန်းကို ထိုးတယ်ဆိုရင် ရန်သူ့ဘက်က လှန်ကျသွားတယ်ဆိုရင် အောင်ပွဲကိုချဲ့ထွင်တဲ့အနေနဲ့ ပြေးတဲ့တပ်ကို ပတ်တာတို့ ၀ိုက်တာ တို့ ပိတ်တာတို့ပေါ့နော် အဲလိုအလုပ်တွေ ကေအိုင်အေက မလုပ်ခဲ့ဘူး သူ့စခန်းကို သူစောင့်တာပဲ သူ့ဆီဝင်လာ ရင်ပစ် တယ် မဝင်ရင်မပစ်ဘူး။
အစိုးရဘက်ကတော့ နည်းပရိယာယ်အရ ကေအိုင်အေရဲ့အဓိကစခန်းတွေကို သိမ်းပြီး စစ်ရေးအရအားပျော့ သွားအောင် အပေါ်စီးက ရအောင်ယူပြီး စကားပြောဖို့ပြင်တာဖြစ်တယ်။
ဒါပေမဲ့လည်း လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေ ဘယ်လောက်သုံးသုံး ဗမာစစ်တပ်ရဲ့အခြေအနေဟာ အတော် လေးကို ဆိုးဝါးနေတယ် တိုက်ခိုက်ရေးစိတ်ဓါတ်အနိမ့်ဆုံးဖြစ်တယ် အပေါ်ကခေါင်းဆောင်တွေက အတင်းတိုး တိုက်ခိုင်း ပေမဲ့ အောက်မှာ တိုက်နိူင်တဲ့ အင်္ဂါရပ်မရှိတော့ဘူး အဓိကကတော့ မသေမပျောက်နဲ့ပြန်ရဖို့ပဲ စစ်တိုက်နေရတာပေါ့ စစ် တပ်ထဲမှာ ရဲဘော်စိတ်မရှိတော့ဘူး။
၂၀ ၊ ၁၂ ၊ ၂၀၁၂
သျှမ်းသံတော်ဆင့်