သျှမ်းပြည်တပ်မတော် RCSS/ SSA ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲသို့ ဝ တပ်ဖွဲ့မှ ကိုယ်စားလှယ်တက်ရောက်ကာ တိုးတက်ပြောင်းလဲလာသောခေတ်ကြီး၌ မိမိတို့နှစ်ဦးနှစ်ဘက်ကြား ပြဿနာများကို အင်အားသုံး ဖြေရှင်းသည့်နည်းမသုံးကြရန်နှင့် အဘက်ဘက်တိုးတက်အောင်လက်တွဲ အလုပ်လုပ် သွားကြရန် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
“ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း။ တောင်ပိုင်းဝ တပ်ဖွဲ့ ရဲ့ အမှတ် ၁၇၁ စစ်ဒေသ ကကိုယ်စားလှယ် ပေါ့။ နှစ်သစ်ကူးနေ့က ပွဲတော်အခမ်းအနားမှာ စကားပြောတယ်။ ရှေ့ဆက်မှာ ဝ တပ်ဖွဲ့ နဲ့ သျှမ်းတပ်ဖွဲ့ကြား ပြဿနာတွေ ကို အင်အားသုံးပြီး မဖြေရှင်းဖို့နဲ့ မိမိရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ပြောသွား တယ်” ဟု ပွဲတော်တက်ရောက်သူတဦး ကပြောသည်။
ယခုလ ၁၄ ရက် သျှမ်းနှစ်သစ် ၂၁၀၇ ခုနှစ်၌ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ပွဲတော်ကျင်းပရာ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၏ ကိုယ်စားလှယ်အဖြစ်ပွဲတက်ရောက်သူ ကျောက်လောဝ်မိဏ်း က သျှမ်းတပ် နှင့် ဝ တပ်တို့ လက်တွဲကာ ကျန်းမာရေး၊ စီးပွါးရေးတို့၌ ဖွံ့ဖြိုးတိုးတက်အောင်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၌လည်း မပပျောက်အောင် အချင်းချင်း ဖလှယ်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသူက ဆိုသည်။
“ဝ တပ်ဖွဲ့နဲ့ သျှမ်းတပ်ဖွဲ့ဆိုတာက နယ်မြေဒေသကိစ္စနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေမှာ အစဉ်အဆက်ပြဿနာ ရှိလာခဲ့တာလေ။ မကြာသေးခင်ကလဲ လွယ်ကော်ဝမ်း နဲ့ ပုံဖါ ပုံတောင်းဘက်မှာ သျှမ်းတပ်ဖွဲ့နဲ့ ဝ တပ်ဖွဲ့တို့ တင်းမာမှုရှိခဲ့ တယ်လေ။ ဆိုတော့ အခုလို သျှမ်းနှစ်သစ်ကူး အခါသမယ မှာ ဝ တပ်ဖွဲ့က ကိုယ်စားလှယ်က အဲလိုမိန့်ခွန်း လာပြောတော့ ကောင်းမွန်တဲ့ မင်္ဂလာတပါးဘဲလို့မြင်မိပါတယ်” ဟုလည်း အဆိုပါပွဲတက်ရောက်သူက ပြောသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယမန်နှစ် ဒီဇင်ဘာလက အပစ်ရပ် ရေးဆွေးနွေး သဘောတူခဲ့ပြီးသော တပ်ဖွဲ့ဖြစ်သည်။ သို့သော် မြန်မာအစိုးရ၏ တပ်မတော် နှင့် ယနေ့တိုင်တိုက်ပွဲများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားနေသေးသည်။
RCSS/SSA ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကမူ ဒီမိုကရေစီသို့ကူးပြောင်းရန်အတွက် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား များအားလုံးနှင့် လက်တွဲကြိုးပမ်းမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းရုပ်မြင်သံကြားသတင်းဌာန Thai PBS ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယခုလ ၁၃ နှင့် ၁၄ ရက်နေ့က လွယ်တိုင်းလျန်းဌာနချုပ်၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်သို့ ဝ တပ်ဖွဲ့မှ ကိုယ်စား လှယ် အပြင် ဝ ရိုးရာအကဖြင့်လည်း ကပြဖျော်ဖြေခဲ့သည်။