သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရသော ထုံးဘိုရွာမှ ဒေသခံများ၏ နစ်နာမှုများကို ရွှေစွမ်းအင်ကုမ္ပဏီ (Asia World) မှ ယခုချိန်အထိ ထိရောက်အောင် မဆောင်ရွက်ပေးသေးကြောင်း သတင်းရသည်။
ယခုအခါတွင် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်စွမ်းအင်များ စတင်ထုတ်ယူနေပြီဟု သိရသော်လည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ပေး ခဲ့ရသည့် ထုံးဘိုရွာမှ ရွာသူ ရွာသားများ၏ နစ်နာမှုများကို ယခုချိန်ထိ ထိရောက်အောင် မဆောင် ရွက်ပေးသေးကြောင်း ထုံးဘိုရွာ အုပ်ချုပ်ရေးမှူး စောဖောထူး က ကရင်သတင်းဌာနသို ့ ပြောသည်။
“ရွာလူထုက တဖြည်းဖြည်း စားဝတ်နေရေး ကျပ်တည်းခက်ခဲလာတာပဲ အဖတ် တင်တယ်။ အခုထိ ဘာမှ အကောင်အထည် မဖော်ပေးသေးဘူး။ ကျနော်တို့ကလည်း ထိုက်သင့်တာပဲ တောင်းထားတာပါ။ မတရား မတောင်းဆိုပါဘူး“ ဟု စောဖောထူးက ဆိုသည်။
ပြောင်းရွှေ့ခံရသူ ရွာသူ ရွာသားများက အိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေ ၁၅ သိန်းနှင့် အစားထိုးလယ်မြေများ ပေးရန် ပြီးခဲ့သည့် နိုဝင်ဘာလက ကုမ္ပဏီသို့ တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီ လက်ထောက် ဒါရိုက်တာ ဗိုလ်မှူးကြီး ၀မ်းမောင်မှ ပေးအပ်ရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။
“၁၅ သိန်းတော့ပေးမယ်တဲ့။ လယ်အစားထိုးတာကိုတော့ မလုပ်ပေးနိုင်ဘူးတဲ့။ ကျနော်တို့မှာ လယ်မရှိရင် ရှေ့ဆက် ဘာသွားလုပ်စားမလဲ။ အခုလယ်မြေတွေဆုံးလို့ တော်တော်ဒုက္ခ ရောက်နေကြတာပါ။ ရေ ရှည်မှာ ခက်ခဲနိုင်ပါတယ်။ သူတို့လာလုပ်ပေးနေတာကလည်း အပေါ်ယံပါဘဲ“ ဟု အမည်မဖော်လိုသည့် ကျေးရွာကော်မတီဝင် တစ်ဦးက ပြောသည်။
၎င်းစီမံကိန်း နှင့် ပတ်သက်ပြီး ရွှေစွမ်းအင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဘုရား ကျောင်း၊ စာသင်ကျောင်းများ ပြင်ဆင်ပေးမှုများပြုလုပ်ပေးပြီး ဂါလံ ၁၅၀၀ ဆန့် ရေတွင်း နှစ်တွင်းအား တူးဖော်ပေးနေကြောင်း ပြောဆိုသည်။
အဆိုပါကုမ္ပဏီမှ ကျေးရွာအတွက် လုပ်ဆောင်ပေးမှုများ ရှိနေသော်လည်း ထိရောက်မှု မရှိကြောင်း၊ ရွာသားများ၏တောင်းဆိုမှုနှင့် ကိုက်ညီမှု မရှိကြောင်းသိရသည်။
“ရွာအဝင်လမ်း မြေညှိ ပေးတာ၊ တံတားပြင်ပေးတာတွေတော့ ရှိပါတယ်။ ကျနော်တို့ တောင်းတာက နစ်နာ ကြေးနဲ့ လယ်မြေပါ။ သူတို့ လာလုပ်ပေးနေတာတွေနဲ့ ကျနော်တို့ တောင်းတာနဲ့က တလွဲဖြစ်နေပါတယ်“ ဟု အမည်မဖော်လိုသော ထုံးဘို ရွာသားတဦးက ဆိုသည်။
ထုံးဘိုရွာသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကရင်ပြည်သူ့ပါတီ KPP နှင့် ကရင်အမျိုးသား အစည်းအရုံး KNU မှ တာဝန်ရှိသူများနှင့် Dayloklo သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တို့မှ ထုံးဘိုရွာသို ့ လာရောက်ကြည့်ရှုခြင်းများ ရှိခဲ့သည်ဟု သိရသည်။ ထုံးဘိုရွာတွင် အိမ်ထောင်စု ၉၃ စု နှင့် လူဦးရေ ၅၀၁ ဦး ရှိကြောင်း သိရသည်။