သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပသော သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ဖွင့်ပွဲ ယနေ့ မနက် ကျင်းပရာ သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
“ကျိုင်းတုံမြို့ ဘောလုံးကွင်းမှာ ဖွင့်ပွဲလုပ်တယ်။ ပရိတ်သတ် ၈၀၀၀ ကျော်တက်ရောက်တယ်။ သျှမ်း တိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကျနော်တို့ သျှမ်းအမျိုးသားခေါင်းဆောင်ကြီး ခွန်ထွန်းဦး နဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌ လုံးစိုင်းလုံးဆိုင် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ် ” ဟု ကျိုင်းတုံ ရောက် သျှမ်းသံတော်ဆင့် သတင်း ဌာနမှ စိုင်းဆိုင်ယ ကပြောသည်။
ပခမ်းအနားကို နံနက် ၉ နာရီ ၉ မိနစ်တွင် စတင် ဖွင့်လှစ်ခဲ့ရာ တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး အပြင် သျှမ်းသမိုင်းကျွမ်းကျင် ပညာရှင် ဆရာစိုင်းအောင်ထွန်း၊ မြို့မိမြို့ဖ လုံးစိုင်းဟောင်ခမ်း ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဒေါက်တာ စိုင်းဆန်အိုက် ၊ ပွဲဖြစ်မြောက်ရေး ဥက္ကဌစိုင်းယွက် တို့ အမှာစကားပြောကြားခဲ့ကြ သည်ဟု ဆိုသည်။
“တိုင်းမှူးက ငွေကျပ် ၁ သန်း ထည့်ဝင်ကူညီတယ်။ သမိုင်းပြခန်းကို လေ့လာသွားတယ်။ ယဉ်ကျေးမှု ပြခန်း အသုံးအဆောင် ပြခန်းကြည့်ရှုတယ်။ တိုင်းမှူးပြောသွားတာက ကနေ့ခေတ် နိုင်ငံရေးတိုးတက်ပြောင်း လဲလာပြီ။ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ ဆိုတာလဲ မရှိတော့ဘူး။ အေးအေးချမ်းချမ်းရှိလာပြီဆိုတော့ မိမိဒေသ မိမိလူမျိုးရဲ့ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်လာအောင်လက်တွဲပူးပေါင်း မြင့်တင်ဖို့ - အစရှိပြောသွားတယ်။ ပရိသတ်သဘောအကျဆုံးကတော့ တိုင်းမှူးက အဖွင့်မှာ မိုင်ဆုံခါ့ လို့ပြောတယ်။ အပိတ်မှာကျတော့ ယင်းစုမ်းခ လို့ နှုတ်ဆက်သွားတယ်။ အဲတာက မြို့ခံတွေက သဘောကျတယ်။ ” စိုင်းဆိုင်ယ က ပြောသည်။
ဖွင့်ပွဲသို့ SNLD ဥက္ကဌ ခွန်ထွန်းဦး ဦးဆောင်သောအဖွဲ့၊ စိန်ကျော့ဌာနေပြည်သူ့စစ်မှ စဝ်ကိုင်ဖှ ၊ မိုင်းလား တပ်ဖွဲ့မှ စဝ်ခွန်ဆန်လူ စဝ်ဆိုင်လား ၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ စဝ်စိုင်းလူး ၊ ကျားဖြူပါတီ ဥက္ကဌ စိုင်းယွက်၊ ဆရာမ နန်းမိုခမ်း ဆရာမနန်းဟွမ်လိတ်တို့လည်း တက်ရောက်ခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ လားရှိုး သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ လွယ်လင်၊ ပင်လုံ၊ မိုးနဲ စသည့် မြို့နယ်များမှ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
“အခု နေ့ခင်းပိုင်းမှာကျတော့ မုံးပိန်းကျောင်းတိုက်မှာ ဆရာစိုင်းအောင်ထွန်း ဒေါက်တာစိုင်းဆန်အိုက် မဟာမုံ့ (မုံးစယ့်) ဒေါက်တာစိုင်းဆန်ဖေ အစရှိ သမိုင်းဆရာတွေ မြို့မိမြို့ဖတွေက ကျိုင်းတုံမြို့ သမိုင်းကြောင်းကို ဟောပြောနေကြတယ်။ ည ကျမှ မြို့နယ်အသီးသီးက ပြင်ဆင်လာတဲ့ အကအဖွဲ့ကနေ ကပြတင်ဆက်သွား တယ်။ ခေတ်ဟောင်း ခေတ်သစ်တေး သီချင်းတွေ သီဆိုဖျော်ဖြေကြမယ်။ နက်ဖြန်မနက်မှ စာပေဟောပြောမယ့် ဆင်မီနာ အခန်းအနား စမယ်” ဟုလည်း ဆိုသည်။
သျှမ်းပြည်အတွင်း ပထမဆုံးအကြိမ် စုပေါင်းကျင်းပမှုဟု ဆိုနိုင်သည့် အဆိုပါပွဲတော်သို့ ပရိဿတ်အများ အပြား လာရောက်ပူးပေါင်းဖွင့်လှစ်ရာ နေရာထိုင်ခင်း မရှိတော့သည့် အဖြစ်လည်း ရှိခဲ့ကြောင်း ကျိုင်းတုံဒေသခံတဦးကပြောသည်။
ကျိုင်းတုံမြို့ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။