လက်ပံတောင်းတောင် ဒေသတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် သံဃာတော်များအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစိုးရမှ ဝန်ချတောင်းပန်ခြင်း မပြုသေဒသဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်မြို့တွင် သံဃာ အပါး ၄ဝဝ ခန့် လှည့်လည်ဆန္ဒပြခဲ့သည်။
သံဃာများက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် စုဝေးကာ ရေတာရှည် လမ်းဟောင်း အတိုင်း မေတ္တာသုတ်များ ရွတ်ဖတ်သရဇယ်ကာ ဆူးလေ မြို့တော်ခန်းမရှေ့သို့ ချီတက်ကြခြင်း ဖြစ်သည်။
လက်ပံတောင်းတောင် သပိတ်စခန်းများတွင်ရဲများ၏ ဖြိုခွင်းခံခဲ့ရသော သံဃာတော်များကို ယနေ့ထိ တောင်းပန်ခြင်းမရှိသဖြင့် သံဃာတော်နှင့် ပြည်သူ အင်အား ၅၀၀ ခန့်သည် ရွှေတိဂုံဘုရားအရှေ့ဘက်မုဂ် ကြေးသွန်းဘုရားကြီးမှ ဆူးလေဘုရားအထိ ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၂ နာရီမှ စတင်ကာ တစ်နာရီခွဲကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္စျိမ)
ဆန္ဒပြ သံဃာများအား လူထုက ဘေးပတ်လည်မှ ဝန်းရံကာ စီတန်း လမ်းလျှောက်လာစဉ် ရေတာရှည် လမ်းထိပ်ရှိ ရဲဓမ္မာရုံရှေ့အရောက်တွင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တားဆီးမှု ရှိခဲ့သော်လည်း ညှိနှိုင်းကာ ဆက်လက်ချီတက်နိုင်ခဲ့ကြသည်။
လက်ပံတောင်းတောင် သပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့က သံဃာများ တောင်းဆို ထားသော အချက် ၅ ချက်အား အစိုးရက မလိုက်နာ၍ ယခုလို ထပ်မံဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသံဃာတပါးမှ ဆူးလေမြို့တော်ခန်းမရှေ့တွင် ကြေညာချက် ဖတ်ကြားပြီး မိန့်ဆိုခဲ့သည်။
သံဃာထုတရပ်လုံး ကျေနပ်စေရန် နိုင်ငံတော် သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာ တောင်းပန်ရန်၊ အကြမ်းဖက်ခံ သံဃာထုနှင့် လူထုအတွက် မှန်မှန်ကန်ကန် တာဝန်ယူပေးရန်၊ လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံ လိုက်ရသော ရဟန်းရှင်လူများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ အကြမ်းဖက် ဖြိုခွင်းသူများအား ဖော်ထုတ် အရေးယူရန် သံဃာများက တောင်းဆိုထားခြင်း ဖြစ်သည်။
သို့သော် အကြမ်းဖက်ခံ သံဃာများအား မုံရွာမြို့ရွှေစည်းခုံ ဘုရားတွင် တောင်းပန်မှုမှာ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသော ပုဂ္ဂိုလ်များ မပါဝင်ဘဲ တင်စီးစွာ ဝတ်ကျေ တန်းကျေသာ တောင်းပန်ခဲ့ခြင်းဖြစ်သည်ဟု သံဃာများက မိန့်သည်။ ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအား ဒီဇင်ဘာ ၁၁ နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပုဒ်မ ၅ဝ၅(ခ) တပ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်
ရန်ကုန်နည်းတူ တချိန်တည်းတွင် မန္တလေး၊ မုံရွာ၊ ပြည်၊ ချောက်၊ မြင်းခြံ၊ ပဲခူးမြို့များတွင်လည်း သံဃာများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တောင်ကြီးမြို့တွင်မူ ဆန္ဒပြမည့်အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။