ချင်းအမျိုးသားတပ်ဦး CNF နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စစ်ရေးအပါအဝင် ရန်မူတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ ပြည်ထောင်စု အဆင့် နိုင်ငံရေး တွေ့ ဆုံဆွေး နွေးပွဲများ ကျင်းပခြင်း၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံသည့်“ ပြည်ထောင်စု သဘောတူစာချုပ်” တရပ်ကို ပြည်ထောင်စု အစိုးရ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုံညီစွာ လက် မှတ်ရေးထိုးခြင်းတို့ကို အခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ် (၃) ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင်လည်းကောင်း သဘော တူထားသော ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တ့ံခိုင်မြဲရေးတို့အပြင် ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် တန်းတူညီမျှရေး၊ တိုင်းရင်းသား လူမျိုး များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးတို့ကို ငြိမ်းချမ်း ရေးဖြစ်စဉ် နို်င်ငံရေးဆွေးနွေးပွဲပြုလုပ်ရာတွင် အခြေခံရမည့် အခြေခံမူဝါဒများအဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်အဖြစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားတို့ အမြတ်တနိုး တန်ဖိုးထား သည့် နေ့ထူးနေ့မြတ်ဖြစ်သော ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရေး၊ ချင်းဝိသေသတိုင်းအား ချင်းပြည်နယ် အဖြစ် ပြောင်းလဲသတ်မှတ်သည် ဇန္နဝါရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေးတို့ကို ချင်းပြည် နယ်အစိုးရမှဆက်လက် ဆောင်ရွက်သွားရန် ပြန်လည်ဆုံးဖြတ်ခဲ့ကြသည်။
စစ်ဖက်ဆိုင်ရာ နှင့် ပါတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ် ရပ်စဲစဉ် ကာလ အတွင်း ချင်းအမျိုးသား တပ်ဦး နှင့် ပြည်သူလူထု၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ အကြားဆက်သွယ် ဆက်ဆံမှု အားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း၊ မတရားအသင်း အက်ဥပဒေ အရသော်လည်းကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘော တူခဲ့ကြသည်။
လူ့အခွင့်အရေးဆိုင်ရာ နှင့် ပါတ်သက်ပြီးချင်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု လျှော့ပါးရေး အတွက် ချင်းလူ့အခွင့်အရေး ကော်မီတီကို ဖွဲ့စည်းအကောင်အထည်ဖော်ရန်နှင့် ၄င်းတို့၏ အစီရင်ခံစာအား ချင်းပြည်နယ်အစိုးရ၊ ချင်း အမျိုးသားတပ်ဦး နှင့်“ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ” ထံသို့ တင်ပြရန် သဘောတူခဲ့ကြသည်။
ယဉ်ကျေးမှု၊ လူမှု ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် ချင်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း တခုဖွဲ့ စည်းပြီး ချင်းပြည်နယ်နှင့် ချင်းအမျိုး သားများ နေထိုင်ရာ ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်ရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ၊ INGO, NGO တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
ချင်းပြည်နယ်အတွင်းအနည်းဆုံး ခေတ်မှီလေယာဉ်ကွင်းတခု တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ တွန်းဇံမြို့ နယ်မှ ပလက်ဝမြို့နယ် အထိ ပြည်ထောင်စု လမ်းမကြီး တည်ဆောက်ရန်အတွက်သော်လည်း ကောင်း၊ မျိုးနွယ်စု ဘာသာ စကားဖြင့် ထုတ်လွှင့်မည် Community Radio Program ထူထောင်ရေးအတွက် သော်လည်းကောင်း၊ ချင်းပြည် နယ်ရှိ ကျောင်းသူကျောင်းသားများ ကွန်ပြူတာ နှင့် အင်တာနက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သော် လည်းကောင်း ၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ချင်းလူမျိုးများ ဖွံ့ဖြိုးရေး၊ လူမှုရေး၊ ပညာရေးအထောက်အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်နယ်သားများ ခရီးသွားအဆင်ပြေချောမွေ့စေရေးအတွက်လည်းကောင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေးမြို့၊ စစ်တွေ နှင် ဆိတ်ဖြူမြို့များတွင် ချင်းပြည်နယ်ဂေဟာ ( Chin State House) များကို ပြည်ထောင်စု အစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ပူးပေါင်းပြီး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည်။
သဘောတူညီချက် အပြည့်အစုံ -- http://khonumthungburmese.org/?p=1023