တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ဥပဒေဆိုင်ရာ ကူညီပေးနိုင်ရန်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ရှေ့နေများက ကချင် တရားရေးဆိုင်ရာ အထောက်အကူပြု ကွန်ယက်အဖွဲ့ (KLANG) ကို စနေနေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
Shawn-Hpung-logoကချင်ဘာသာဖြင့် Jinghpaw Wungpawng Tara Masa Karum Kahtau Mahkri Shawn Hpung ဟု ခေါ်သည့် ၎င်းအဖွဲ့ ဖွဲ့စည်းသည့် အထိမ်းအှတ် ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် ပြုလုပ်ကျင်းပခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရ သည့်အပေါ် ပြည်သူလူထု အကြား တရားဥပဒေအရ ကူညီဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
“တည်ငြိမ်အေးချမ်းမှု ပေးနိုင်ဖို့၊ ဥပဒေဆိုင်ရာ အရ လုံခြံုမှုပေးနိုင်ဖို့၊ လူထုတွေက လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးခံနေရတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အကူအညီတောင်းလာရင် ကျနော်တို့ဘက် က တတ်နိုင်သလောက် ဥပဒေအရ ကူညီမယ်။ လူထုအကြား ဥပဒေဆိုင်ရာ ပညာရေး ဟောပြောမယ်” ဟု မဇ္စျိမကိုပြောသည်။
မတရားသဖြင့် လယ်ယာမြေ သိမ်းယူမှု၊ အမျိုသမီးများအား အဓမ္မ ပြုကျင့်မှုများအပါအဝင် မတရားဖမ်းဆီး
နှိပ်စက် အရေးယူ ခံရသူများဘက်မှ ရပ်တည်ပြီး အဖိုးခ မယူဘဲ လိုက်ပါဆောင်ရွက်ပေးရန် ရည်ရွယ်၍ အဆိုပါ ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဦးမာခါးက ပြောသည်။
“ရွာတွေ မီးရှို့၊ လူတွေကို သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်တယ်။ ခြိမ်းခြောက်တယ်။ အပြစ်မရှိသူတွေကို မတရား ဖမ်းဆီး စွပ်စွဲပြီးတော့ ပြစ်ဒဏ်ချတယ်။ အဲဒီလို လူ့အခွင့်အရေး ချိုိးဖောက်ခံရမှုတွေကို ကူညီမယ်။ စစ်ပြေး ဒုက္ခသည်တွေလည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ ဒါကြောင့် လူတွေအကြား တရားဥပဒေ ဆိုင်ရာတွေ သိရှိလာဖို့ ဒီအဖွဲ့ကို အမြန်ဆုံးဖွဲ့လိုက်တယ်” ဟု ဆိုသည်။
တရားဥပဒေနှင့် ပတ်သက်၍ အရေးကြီးသလို လူထုအကြား ဥပဒေဆိုင်ရာကိစ္စရပ်များ သိရှိနားလည်မှု အားနည်းနေခြင်း ကြောင့် ထိုအဖွဲ့အား အရေးတကြီး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ဥပဒေအရ ကူညီဆောင်ရွက်လိုသူများ အနေဖြင့် အချင်းချင်း ပညာပေး ညှိနှိုင်းဆွေးနွေး၍ တရားဥပဒေအရ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို တရားရုံးနှင့် တရားရုံးပြင်ပမှ ကူညီပေးနိုင်ရန် စသည့်ကိစ္စများအပေါ် ရည်ရွယ်သည်ဟု သိရသည်။
သမ္မတ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်က ဇူလိုင်လအတွင်း ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီးနောက် ထိုဒေသများတွင် အစိုးရတပ်ဘက်မှရော KIO ဘက်မှပါ လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိနေသည်ဟု မှတ်ချက်ပြုထားသည်။
ကွန်ယက်ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဆုတောင်းဝတ်ပြုမှု အပြင် အစိုးရစစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခံရသူ တဦးက သူ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သက်သေထွက်ဆိုသည့် အစီအစဉ်တခုလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
ကွန်ယက်တွင် မြစ်ကြီးနား၊ မိုးညှင်းနှင့် ရှမ်းပြည်နယ် မူဆယ်၊ လားရှိုး စသည့် မြို့နယ်များမှ တရားလွတ်တော် ရှေ့နေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းလိုက်သည့် အခမ်းအနားသို့ ကချင်လူမှု အသိုင်း အဝိုင်းများ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ကချင်ဥပဒေကွန်ယက် ဖွဲ့စည်းမှုအပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့နှင့် ရှေ့နေများ ကွန်ယက်က ကြိုဆိုကြောင်း သဝဏ်လွှာများ ပေးပို့လိုက်သည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
“ကျနော်တို့ အမှုတွေကိစ္စရှိနေလို့ အခမ်းအနား မတက်နိုင်ဘူး။ ဒါက တိုင်းရင်းသားအရေး အပေါ်မှာ အခြေ ပြုပြီးတော့ လုပ်တာပေါ့။ ကျနော်တို့လည်း ဒါကို ထောက်ခံတဲ့သဘော သဝဏ်လွှာ ပို့ထားပါတယ်” ဟု ရှေ့နေများကွန်ယက်မှ ဦးအောင်သိန်း က ပြောသည်။
ရှေ့နေ ကွန်ယက်အနေဖြင့် ကချင်ပြည်နယ် မြောက်ပိုင်းအမှုများနှင့် ပတ်သက်၍ လုပ်ကိုင်ရန် အခက်အခဲ ရှိ၍ လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ နောက်ပိုင်း ညှိနှိုင်းရနိုင်မည်ဆိုပါက ပြည်နယ်အလိုက် ခွဲ၍ဆက်လက် လုပ် ဆောင်သွားရန် ရှိသည်ဟု မဇ္စျိမကို ပြောသည်။