ဆိုက်ရောက်ဗီဇာ ၂၂ နိုင်ငံ ထပ်မံခွင့်ပြုရန်ရှိ

ဆိုက်ရောက်ဗီဇာ ၂၂ နိုင်ငံ ထပ်မံခွင့်ပြုရန်ရှိ
by -
မဇ္ဈိမ

မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာများကို နောက်ထပ် နိုင်ငံပေါင်း ၂၂ ခုအား တိုးချဲ့ခွင့်ပြုပေးရန် စီစဉ်နေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ဆိုသည်။

“ဇွန် ၁ ရက်က စတင်ပြီး ဆိုက်ရောက် ဗီဇာတွေကို နိုင်ငံ ၂၆ နိုင်ငံကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အခု ထပ်ပြီး ၂၂ နိုင်ငံ ကို ခွင့်ပြုဖို့ စီစဉ်နေပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာအား ထပ်မံခွင့်ပြုရန် ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှု များသည့် နိုင်ငံများအား စောင့်ကြည့် လေ့လာသွားမည်ဟုဆိုသည်။

ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြုမည့် နိုင်ငံများမှာ နယ်သာလန်၊ ဖင်လန်၊ ပေါ်တူဂီ၊ ရှရှား၊ တူရကီ၊ ယူကရိန်း၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများနှင့် ဘရာဇီး၊ မက္ကဆီကို၊ ကိုလံဘီယာ ကဲ့သို့ အမေရိကတိုက် နိုင်ငံများလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ဆိုက်ရောက်ဗီဇာများ စတင်ခွင့်ပြုခဲ့သည့် ဇွန်လ မှစတင်ကာ နိုင်ငံခြားခရီးသည် ဝင်ရောက်မှု တနေ့လျှင် ပျမ်းမျှအားဖြင့် အယောက် ၅ဝ-၆ဝ ခန့် ရှိ ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ပြောဆိုထားသည်။

ဆိုက်ရောက်ဗီဇာအတွက် စည်းကမ်းချက်များမှာ သက်ဆိုင်ရာ နိုင်ငံမှ ထုတ်ပေးသည့် တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူဖြစ်ရန်နှင့် လွန်ခဲ့သည့် ၆ လအတွင်း ရိုက်ကူးထားသည့် ပါတ်စ်ပို့ဓါတ်ပုံ နှစ်ပုံ လိုသည်။ လုပ်ငန်းဗီဇာဖြင့် လာရောက်မည် ဆိုပါက လျှောက်လွှာနှင့်အတူ တာဝန်ခံ ကိုင်ဆောင်သူ ကုမ္ပဏီ၏ ဖိတ်ခေါ်စာ ပါရှိရမည် ဖြစ်သည်။

“မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ရင် လျှောက်လွှာနဲ့အတူ လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီမှတ်ပုံ တင်၊ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပေးတဲ့ လုပ်ကိုင်ခွင့်ပြု အထောက်အထားမိတ္တူ ပူးတွဲတင်ပြရပါ မယ်။ ဒါမဟုတ် မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းဗီဇာနဲ့ လုပ်ကိုင်သူ ဖြစ်ရင် အလုပ်လုပ်တဲ့ စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံ ခေါ်တဲ့သူရဲ့ ရာထူး စတဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဦးစောအောင် က မဇ္စျိမကို ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့်လုပ်ကိုင်နေသူက နေခွင့်သက်တမ်း တိုးမြှင့် လျှောက်ထားလိုလျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် တည်ဆဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားနိုင် သည်။ ပြည်ဝင်ဗီဇာဖြင့် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အခမ်းအနားများ တက်ရောက် သူ ဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဖိတ်စာ ပါရှိရမည်။

ယင်းအပြင် လျှောက်လွှာတွင် ဖော်ပြထားသော လုပ်ငန်းမှအပ အခြားမည်သည့်လုပ်ငန်းများကို အခကြေးငွေ ယူသည် ဖြစ်စေ၊ အခမဲ့ ဖြစ်စေ လုပ်ကိုင်ခြင်း မပြုရသည့်အပြင် ဖြတ်သန်း ဗီဇာ လျှောက်ထားသူသည် ခရီးလမ်းဆုံးနိုင်ငံသို့ သွားရောက်မည့် လေယာဉ်လက်မှတ် ပူးတွဲတင်ပြရမည် ဖြစ်သည်။

အဆိုပါ ဆိုက်ရောက်ဗီဇာများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပထမဆုံး ခွင့်ပြုခဲ့ပြီး အောက်တိုဘာ လဆန်းတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆက်လက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။