သျှမ်း/မြောက် ကျေးလက်လူထုကိုပါ ဖုန်းကဒ်အရစ်ကျ ချပေးနေ

သျှမ်း/မြောက် ကျေးလက်လူထုကိုပါ ဖုန်းကဒ်အရစ်ကျ ချပေးနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် ကျေးလက်ဒေသတို့တွင် မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနမှ လက်ကိုင်ဖုန်း နံပတ်များကို အရစ်ကျငွေပေးသွင်းမှုစနစ်ဖြင့် ချရောင်းပေးနေ ကြောင်း စုံစမ်းသိရှိရပါသည်။

(ဓါတ်ပုံ- မြန်မာတိုင်းမ်း)

လားရှိုးမြို့ တွင်းရပ်ကွက်များနှင့် ကျေးလက်ဒေသ အထိ အဆိုပါ ဖုန်းနံပတ်များကို MPT ( Myanmar Post and telecommunications ) က အရစ်ချ ရောင်းပေးနေခြင်းဖြစ်သည်။

ပိုက်ဆံစသွင်းရာတွင် နံပတ်ဖိုး ကျပ် ၄ သောင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်စာရေးအတွက် ကျပ် ၁,၀၀၀ ၊ ဖုန်းဆက်ခ  ၅,၀၀၀ ကျပ် စုစုပေါင်း ၄၆,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။ ကျန်ငွေ ၁၆၀,၀၀၀ ကျပ် ကို အရစ်ကျ တလ ၁၀,၀၀၀  ကျပ် ကိုလည်း ရပ်ကွက်စာရေးများထံ ပေးသွင်းရမည်ဖြစ်ရာ စာရေး များအတွက် ဝန်ဆောင်ခ ၅၀၀ ကျပ် စုစုပေါင်းတလ ၁၀,၅၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း ပြောဆို လိုက်သည် ဟု စိုင်းမောင်ညွန့်က ပြောပြသည်။

အလားတူ အခြားမြို့ခံတဦးကလည်း “အခုလို ဝေစားမျှစားတဲ့စနစ်ကြီးကတော့ ခုထိမပျောက်သေးပါဘူးဗျာ။ ဖုန်းကဒ်တွေချပေးတယ် ဆိုတာ နောက်ပိုင်း မိုဘိုင်းဖုန်းဈေးတွေကျလာနေလို့လေ။ ထိုင်းနိုင်ငံလိုဖြစ်သွားရင် သူတို့အတွက် ဘာမှရတော့မှာမဟုတ်ဘူး။ ထိုင်းက ဖုန်းကဒ်အလကားပေးနေတဲ့အဆင့်လေ” ဟု ပြောသည်။

ယခုနှစ်ဆန်းမှစ၍ အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီးဌာနက CDMA၊ GSM ဖုန်းနံပတ်များကို မြို့နယ်တိုင်း နီးပါးသို့ချပေးခဲ့သဖြင့် ဒေသခံလူငယ်များ ဝမ်းသာနေကြကြောင်း သို့သော် လာဘ်စားချစားစနစ် သည်လည်း မြို့နယ်တိုင်းနီးပါး၌ ရှိနေကြောင်း သိရသည်။ ဟဲန်းဆက်(လက် ကိုင်ဖုန်းတလုံး)အညံ့စား ဖုန်းတလုံး၏ အနည်းဆုံးတန်ဖိုးမှာ ကျပ်သုံးသောင်း သာရှိသည်ဟု ဆိုသည်။