ထိုင်းဘက်ခြမ်းနေ ပလောင်ရွာသားအား မြန်မာစစ်တပ်က ပစ်ခတ်

ထိုင်းဘက်ခြမ်းနေ ပလောင်ရွာသားအား မြန်မာစစ်တပ်က ပစ်ခတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်၌ လှုပ်ရှားနေသော မြန်မာအစိုးရ၏ စစ်ကြောင်းတကြောင်းက ထိုင်းဘက် ခြမ်းနေ ပလောင်ရွာသားအား ပစ်ခတ်သဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆွန်ဒေါက်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေရ ကြောင်း လူနာနှင့်နီးစပ်သူများ ပြောပြချက်အရ သိရသည်။

“ထိုင်းဘက်ခြမ်း နောလဲရွာမှာနေတဲ့ စိုင်းအောင်နဲ့အဖွဲ့ လမ်းကူးပြီး သျှမ်းပြည်ဘက်ခြမ်းမှာရှိတဲ့ လွယ်ဟိုနုတ် တောင်မှာ တောင်ယာလုပ်ဖို့သွားတာ။ အဲဒါကို ကင်းလှည့်ဗမာစစ်သားတွေက ပေးမသွားဘူး။ စိုင်းအောင်က သူ့မှာပါလာတဲ့ ရေပုံးကို ယာတဲမှာ သွားထားပြီးပြန်ထွက်အလာမှာ ဗမာစစ်သားက ပစ်လိုက်တာ။ သူ့ဗိုက်ထဲ ကျည်ဆံဝင်သွားတယ်။ အဲဒါကြောင့် ချင်းမိုင်ဆေးရုံကို ပို့လိုက်ရတယ်။ အခုဆွန်ဒေါက်ဆေးရုံမှာ” - ဟု စိုင်းအောင်နှင့် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မယ့်ငေါန်းအုပ်စုရှိ လွယ်အန်ခန် ဘုရင့်စိုက်ပျိုးရေးစီမံကိန်း အနီးရှိ နောလဲရွာတွင်နေထိုင်သော ပလောင်အမျိုးသား စိုင်းအောင် ၂၃ နှစ်အား ယခုလ ၂ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဗိုက်ထဲ ကို ကျည်ဆံဝင်သွားတဲ့  စိုင်းအောင်ကို  ရွာသူကြီးနဲ့ ဒေသခံတွေ နယ်စပ်လုံခြုံရေး ထိုင်းစစ်သား တွေနဲ့ ဆွေမျိုးတွေ ကဘဲ ဖှန်ဆေးရုံကိုပို့တယ်။ ဖှန်ဆေးရုံကနေ ချင်းမိုင်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ ထုတ်ရခက်တယ် လို့ဆေးရုံကပြောတယ်။” ဟု လွယ်အန်ခန်တွင် အလုပ်လုပ်နေသည့် သျှမ်းလူမျိုး စိုင်းရွှေက ပြောသည်။

အဆိုပါမြန်မာစစ်တပ်မှာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၂၅ လက်အောက်ခံ တပ်ဖြစ်ပြီး နယ်စပ်ရှိ ပါခီးတပ်စခန်းမှ ဖြစ်ကြောင်း သိရသည်။ ဤစခန်းကို ၂၀၀၁ ခုနှစ်က SSA တောင်ပိုင်းက သိမ်းပိုက်ခဲ့ဖူးသည်။

လွယ်အန်ခန်အနီး နောလဲရွာသည် ထိုင်းနယ်အတွင်း ရှိပြီး ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ၃ ကီလိုမီတာ ကွာဝေးသည်။ ပုံပါကျင်သို့ ခြေကျင်သွားပါက ၃ နာရီ ခန့်သာ လျှောက်ရကြောင်း စိုင်းရွှေက ပြောသည်။